BREAKING
June 18, 2025

မြိတ်တွင် ကိုဗစ်ကာကွယ်ဆေးထိုး‌ပေး၊ အများပြည်သူသိအောင် မကြေညာသဖြင့် ဝေဖန်ခံရ

June 18, 2025

ပုံစာ - ကံခေါင်းဆေးရုံဟောင်း ကလေးကုသဆောင်ရှိ ကြေညာဘုတ်။

မြိတ်မြို့ရှိ ကန်ခေါင်းဆေးရုံဟောင်းတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေသော်လည်း အများပြည်သူသိရှိရန် ဆေးရုံဘက်က ကျယ်ကျယ်ပြန့်ပြန့် အသိမပေးသည့်အပေါ် မြို့ခံအချို့က ဝေဖန်နေကြသည်။

ကိုဗစ်ကာကွယ်ဆေးကို ဇွန်လ ၁၆ ရက်မှစပြီး ရုံးဖွင့်ရက်တိုင်း နံနက် ၁၀ နာရီ‌ကျော်မှ ၁၂ နာရီအထိ ထိုးနှံပေးနေခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။

ကန်ခေါင်းဆေးရုံဟောင်း ကလေးကုသဆောင်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေကြောင်း မြိတ်မြို့ခံ ကျန်းမာရေး ဝန်ထမ်းဟု ယူဆရသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် ဇွန်လ ၁၃ ရက်က ရေးသားမျှဝေခဲ့သည်။ ယင်းအပေါ် ကူးယူမျှဝေ ရေးသားထားသူများလည်း ရှိသည်။

ကန်ခေါင်းဆေးရုံတွင်မူ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည့်အကြောင်း ကြေညာထားသော်လည်း Dawei Watch က မေးမြန်းခဲ့သည့် ကာကွယ်ဆေးလာထိုးသူ အများစုမှာ လူမှုကွန်ရက်ပေါ်မှသိရှိခြင်း သို့မဟုတ် တဆင့်စကားတို့ဖြင့် လာရောက် ထိုးနှံကြခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

“(ကိုဗစ်ကာကွယ်ဆေး) ဆေးထိုးတာ ငါးကြိမ်ရှိပါပြီ။ လိုင်းပေါ် (Facebook ပေါ်) တင်ထားတာတွေ့လို့ပါ။ မထိုးရသေးတဲ့ လူတွေလာထိုးရင် ကောင်းတာပေါ့” ဟု ဆေးလာထိုးသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေကြောင်းကို ကျန်းမာရေးဌာန၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးခြင်း၊ မြို့တွင်း လှည့်လည် အသိပေးခြင်းနည်းလမ်းများဖြင့် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လုပ်ဆောင်သင့်ကြောင်း မြို့ခံအချို့က ဆိုသည်။

“အရင်တုန်းကလို ဆေးထိုးပေးဖို့အစီအစဉ်ရှိရင် လိုက်ပြောပေးပေါ့။ ရာအိမ်မှူးတွေကို ပြောခိုင်းပေါ့။ ဒီနေ့၊ ဒီချိန်၊ ဒီနေရာမှာ ဆေးထိုးဖို့ရှိတယ် သွားထိုးကြဆိုပြီး ပြောစေချင်တယ်ပေါ့” ဟု မြိတ်မြို့ခံ အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ကာကွယ်ဆေး အလုံလောက်မရှိဘဲ ထိုးပေးနေခြင်းကြောင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် မလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်းက ဝေဖန်သည်။

ကန်ခေါင်းဆေးရုံဟောင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့်အကြောင်းကို မသိကြသည့် မြို့ခံအချို့လည်းရှိနေသည်။

“လိုင်းပေါ်မှာတင်ထားတာတော့တွေ့တယ်။ ရပ်ကွက်ထဲမှာတော့ လာမပြောကြဘူး။ လိုင်းမသုံးတဲ့သူတွေကတော့ မသိဘူးပေါ့။ ရပ်ကွက်မှာ တာဝန်ရှိတဲ့သူတွေက လိုက်ပြီး ဆော်ဩပေးရမယ်လေ။ အဲဒါမှသိမယ်လေ။ အဲဒီလိုမဟုတ်ရင် မသိကြဘူးလေ” ဟု မြို့ခံလူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်မြို့အတွက် Pfizer အမျိုးအစား ကိုဗစ်ကာကွယ်ဆေးအလုံးရေ တစ်သောင်းကျော် (၁၂၂၆၄ လုံး) သာ ရရှိထားပြီး အသက်ကြီးပိုင်းများကိုသာ ဦးစားပေးထိုးနှံပေးမည်ဖြစ်ကြောင်း Dawei Watch က စုံစမ်းသိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးနေသည့် အစီအစဉ်အကြောင်း မေးမြန်းရန် မြိတ်မြို့ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်းသုံးဦးအား Dawei Watch က မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇွန်လ ၈ ရက်မှ ၁၅ ရက်အထိ ၈ ရက်အတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်အတည်အပြုလူနာ ၅၂ ဦး တွေ့ရှိထားသည်။