BREAKING
June 18, 2025

ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ADB က ဒေါ်လာသန်း ၁၀၀ ကူမည်

June 18, 2025

ဓာတ်ပုံ - WFP

ငလျင်ဒဏ်ခံစားခဲ့ရသော မြန်မာနိုင်ငံသားများအတွက် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ကူညီထောက်ပံ့မည်ဖြစ်ကြောင်း ADB က ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်သည်။

ငလျင်ဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများနှင့် လူမှုဘဝများ ရေရှည်တည်ထောင်နိုင်ရေး အတွက် ရည်ရွယ်၍ အာရှဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ (ADF) အောက်က လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ပြီးခဲ့သော ဧပြီလ ၁ ရက်တွင် ADB က မြန်မာငလျင်ဒဏ်သင့် ပြည်သူများအား ဒေါ်လာသုံးသန်း အရေးပေါ်ထောက်ပံ့ လှူဒါန်းခဲ့ပြီးနောက် ယခုဒုတိယအကြိမ် ထပ်မံကူညီရန် လုပ်ဆောင်ခြင်း ဖြစ်သည်။

ယခု ADB ၏ အကူအညီများကို ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)၊ ကုလသမဂ္ဂကလေးများရန်ပုံငွေ (UNCF) နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) များမှတစ်ဆင့် ပေးအပ်မည်ဖြစ်ကြောင်း ဖော်ပြသည်။

ဒေါ်လာ သန်း ၁၀၀ ကူညီထောက်ပံ့မှုသည် မြန်မာနိုင်ငံသားများအတွက် ADB က အကြီးမားဆုံးထောက်ပံ့မှုဖြစ်ပြီး အကူအညီ လိုအပ်နေသူများအတွက် အစားအသောက်၊ ရေ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်း ဖော်ပြသည်။

ထို့အပြင် ရေရှည်စားဝတ်နေရေး၊ အလုပ်အကိုင်နှင့် လူထုခံနိုင်ရည်အားများအတွက် သင်တန်းများ၊ အနာဂတ်ဆွေးနွေး တိုင်ပင်ခြင်းလုပ်ငန်းများ (counseling) ကိုလည်း ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း ADB ၏ ဥက္ကဋ္ဌ Masato Kanda က ပြောသည်။

ငလျင်ဘေး မတိုင်မီက ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ် (HNRP) အရ မြန်မာနိုင်ငံတွင် အရေးပေါ်အကူအညီနှင့် အကာအကွယ်လိုအပ်နေသူ ၄ ဒသမ ၃ သန်းကျော်ရှိကြောင်း ဖော်ပြထားသည်။

ငလျင်ဒဏ်ကြောင့် အကူအညီနှင့် အကာအကွယ်လိုအပ်သူ အရေအတွက်သည် ၆ ဒသမ ၃ သန်းကျော်အထိ တိုးလာခဲ့ကြောင်း ဆိုသည်။