ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးရွာ ပင်လယ်ပြင်တွင် မေလလယ်ခန့်မှစတင်ကာ ပုစွန်ထိုးလှေများအစုအဖွဲ့ဖြင့် ပုစွန်ဖမ်း နေသည့်အတွက် လက်လုပ်လက်စားသမားများ အခက်တွေ့နေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။
ကံမော်ကြီးရွာ၏ အနောက်ဘက်ရှိ ပင်လယ်ရေတိမ်နေရာများတွင် ပုစွန်ထိုးလှေ ၃၀ စီးခန့်က ဖမ်းဆီးနေကြသည့်အတွက် ရှပ် (ဂုံးတစ်မျိုး) ၊ ဂုံး၊ ပင်လယ်ကင်းပုစွန်အပါအဝင် ရေတိမ်ဒေသနေ ရေသတ္တဝါများ ရှားပါးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ပုစွန်ထိုးလှေတွင် ဝါးလုံးနှစ်လုံးကို ခက်ရင်းခွကဲ့သို့ ချည်နှောင်ထားပြီး ဝါးလုံးအဖျားပိုင်းတွင် ပုစွန်ဖမ်းပိုက် တပ်ဆင် ထားသည်။ ထို့နောက် ပင်လယ်ရေတိမ်ကြမ်းပြင်ကို ပိုက်ပါသည့်အပိုင်းကို ထိုးနှစ်ကာ ပုစွန်ဖမ်းဆီးကြခြင်းဖြစ်သည်။
ပုစွန်ထိုးလှေဖြင့် ပုစွန်ဖမ်းဆီးပါက ပင်လယ်ရေတိမ်ကြမ်းပြင်တွင် ရေမြောင်းပုံသဏ္ဍန်ဖြစ်လာပြီး ရှပ် ၊ သွေးဂုံး၊ ဂဏန်း၊ ပင်လယ်ကင်းပုစွန် စသည့် ရေနေသတ္တဝါများ မရှိတော့သည့်အတွက် ဝမ်းစာရေးအတွက် ရှာဖွေစားသောက်နေသည့် လက်လုပ်လက်စား ဒေသခံများ အခက်တွေ့နေရကြောင်း ကံမော်ကြီးရွာသားတစ်ဦးက ဆိုသည်။
“ရွှံတွေ နုန်းတွေ လန်ကုန် (ပျက်စီး) တယ်လေ။ ငါးသားတွေ ဂျင်း (ဂုံးတစ်မျိုး) တွေ ရှပ်တွေလည်း မနေနိုင်တော့ဘူး” ဟု ၎င်းက ပြောဆိုသည်။
ပုစွန်ထိုးလှေ ၃၀ စီးခန့်မှာ ကံမော်ကြီးရွာနေ ဒေသခံများကပင် ပိုင်ဆိုင်ကြကြောင်း အဆိုပါရွာသားက ဆိုသည်။
အာဏာမသိမ်းမီကမူ ကရသူရိမြို့ ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေတပ်က ပုစွန်ထိုးလှေများကို လာရောက်ဖမ်းဆီးလေ့ ရှိသော်လည်း လက်ရှိတွင်မူ တားဆီးမည့်သူ မရှိတော့ကြောင်း ၎င်းက ပြောသည်။
“လက်လုပ်လက်စားတွေ အကုန်ဒုက္ခရောက်တာပေါ့။ ဘယ်သူ့ကိုမှလည်း မပြောရဲကြဘူး” ဟု အထက်ပါရွာသားက ဆိုသည်။
ကံမော်ကြီးရွာမှာ မော်ကင်းလူမျိုးများနေထိုင်သည့် မကြုံဂလက်ကျွန်း၏ အရှေ့ဘက်တွင်တည်ရှိပြီး ဒေသခံ အများစုမှာ ရှပ် ဂျင်းရှာဖွေပြီး အသက်မွေးကြသလို ပင်လယ်ငါးဖမ်းလုပ်ငန်းလည်း လုပ်ကိုင်ကြသည်။