BREAKING
June 18, 2025

အရှေ့အလယ်ပိုင်းသို့ အမေရိကန်တိုက်လေယာဉ်များထပ်မံစေလွှတ်၊ အီရန်က မစ်ဆိုင်းဒုံးများ အသင့်ပြင်ထား

June 18, 2025

အမေရိကန်စစ်တပ်က F-35 ၊ F-22 တိုက်လေယာဉ်များကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ကာ စစ်အင်အားထပ်မံဖြည့်တင်းလိုက်သည်။

အီရန်အဏုမြူစက်ရုံများအား လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေသည့် အစ္စရေးနှင့်အတူ ပူးပေါင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စဉ်းစားနေကြောင်း သတင်းထွက်ပေါ်လာချိန် ယင်းသို့ တိုက်လေယာဉ်များ စစ်ကူစေလွှတ်လိုက်ခြင်း ဖြစ်သည်။

သမ္မတဒေါ်နယ်ထရမ့်သည် အင်္ဂါနေ့တွင် အမေရိကန်အမျိုးသားလုံခြုံရေးအဖွဲ့ဝင်များနှင့် တစ်နာရီကျော်ကြာ အစည်းအဝေးပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ထရမ့်က အရှိန်မြင့်လာသည့် အစ္စရေး – အီရန်စစ်ပွဲတွင် အမေရိကန် လုပ်ဆောင်ရမည့် ရွေးချယ်စရာများကို အမျိုးသားလုံခြုံရေးအဖွဲ့ဝင်များနှင့် ဆွေးနွေးသုံးသပ်ခဲ့သည်။

အရှေ့အလယ်ပိုင်းသို့ တိုက်လေယာဉ်များ ထပ်မံစေလွှတ်လိုက်မှုမှာ ကာကွယ်ရေးအစီအမံတစ်ရပ်သာ ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က ပြောသည်။

အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့များကို အီရန်နှင့် မဟာမိတ်များ၏ အလားအလာရှိ လက်တုံ့ပြန်တိုက်ခိုက်မှုများမှ ကာကွယ်ရန် ရည်ရွယ်ကြောင်း ၎င်းက အလေးအနက်ထား ပြောဆိုသည်။

အမေရိကန် စစ်ထဲ ပါဝင်လာလျှင် အီရန်ကလည်း အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်ရန် မစ်ဆိုင်းဒုံးများကို အသင့်ပြင်ထားကြောင်း သတင်းများက ဖော်ပြသည်။

အမေရိကန်က စစ်ထဲ ပါဝင်လာလျှင် အီရန်အနေဖြင့် ဟော့မတ်ဇ်ရေလက်ကြားတွင် ရေမြှုပ်မိုင်းများ ထောင်ထားမည်ဟု အီရန်အရာရှိများက ပြောဆိုကြောင်း The New York Times သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဟော့မတ်ဇ် ရေလက်ကြားသည် ကမ္ဘာ့ပင်လယ်ရေကြောင်း ရေနံတင်ပို့မှု ၂၀ ရာခိုင်နှုန်းသည် ဟော့ဇ်မတ်ကြားမှ ဖြတ်သန်းသွားလေ့ရှိသည်။

အီရန်ကို အမေရိကန်က တိုက်ရိုက်တိုက်ခိုက်မှု စတင်လျှင် အီရန်နှင့် ၎င်း၏ လက်ဝဲခံများက လက်တုံ့ပြန်တိုက်ခိုက် လာမည်ကို အမေရိကန်စစ်ဘက်ခေါင်းဆောင်များ စိုးရိမ်လျက်ရှိကြောင်း The New York Times က ဖော်ပြထားသည်။

Source: India Today ၊ The New York Times