နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထောင်တွင်းတရားရုံးအတွင်း တရားရင်ဆိုင်နေသည့် ရုပ်သံမှတ်တမ်းနှင့် ထောင်တွင်းနေ့စဉ်ဖြတ်သန်းမှု စာရင်းမှတ်တမ်းများ ကမ္ဘောကျော် ဂါးဒီးယန်းသတင်းဌာနသို့ ပေါက်ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ နီးကပ်လာချိန်တွင် အကျဉ်းထောင်အတွင်း သူမ၏ နေ့စဉ်ဘဝဖြတ်သန်းမှုကို တစေ့တစောင်း မြင်ယောင်ခွင့်ပေးသည့် အဆိုပါ မှတ်တမ်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အဆိုပါ ရုပ်သံမှတ်တမ်းနှင့် စာရင်းမှတ်တမ်းများကို CDM စစ်သားများဖြင့် စုဖွဲ့ထားသည့် ပြည်သူ့ရင်ခွင်အဖွဲ့က ဂါးဒီးယန်းသတင်းဌာနသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ ပြင်ပကမ္ဘာနှင့်ထိတွေ့ခွင့်မရှိဘဲ သူမ၏ ရှေ့နေအဖွဲ့နှင့်သာ ရှားရှားပါးပါး တွေ့ဆုံခွင့်ရလေ့ရှိသည်။
၂၀၂၂ ခုနှစ် ဩဂုတ်လနှင့် ဒီဇင်ဘာလမှ အဆိုပါ မှတ်တမ်းရုပ်သံဖိုင်များတွင် ဒေါ်အောင်ဆန်းစုကြည်အား ယာယီအထူးတရားရုံးအတွင်း ဦးဝင်းမြင့်နှင့်အတူ တရားရင်ဆိုင်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်ပေါင်းများစွာဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ ပြင်းပြင်းထန်ထန် ဆိုးရွာလာမှုကြောင့် သူမအား ထောက်ခံသူများနှင့် မိသားစုဝင်များအကြား စိုးရိမ်မှုမြင့်တက်လျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အကျဉ်းထောင်အတွင်း နေ့စဉ်နေထိုင်မှုမှတ်တမ်းများတွင် ၂၀၂၄ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလမှ ရက်အနည်းငယ်ကိုလည်း ဖော်ပြထားသည်။ အဆိုပါ စာရင်းမှတ်တမ်းများထဲတွင် အကျဉ်းထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ တင်းကျပ်သော နေ့စဉ်ဘဝဖြတ်သန်းမှုကို ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ပကမ္ဘာနှင့် အဆက်ပြတ်လျက်ရှိပြီး မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားလျက်ရှိသည့် ပြည်တွင်းစစ်နှင့်လည်း အဆက်ပြတ်လျက်ရှိသည်ဟုလည်း ဂါးဒီးယန်း သတင်းဌာနက ဖော်ပြထားသည်။
သို့သော် စစ်ကောင်စီက ထုတ်ဝေသည့် သတင်းစာများကို လက်ခံဖတ်ရှုခွင့် ရရှိထား၍ ၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်အကြောင်း အကန့်အသတ်ဖြင့် သိရှိထားသည်ဟုလည်း ဖော်ပြထားသည်။
“သူမရဲ့အသံနဲ့ လမ်းလျှောက်တဲ့ပုံစံက မပြောင်းလဲသေးပါဘူး” ဟု ၂၀၂၄ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား တွေ့မြင်ခဲ့ရသော အကျဉ်းဦးစီးဌာန သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
“သူမရဲ့ ဆံပင်မှာ ပန်းပန်တာကိုလည်း ရပ်လိုက်ပြီ။ သူမကိုယ်တိုင်လည်း မပန်ချင်တော့လို့ ပါပါတယ်” ဟု ၎င်းကဆိုသည်။
အကျဉ်းထောင်အတွင်း နေ့စဉ်နေထိုင်မှုမှတ်တမ်းများအရ ဒေါ်အောင်ဆန်းစုကြည်၏ တစ်နေ့တာမှာ နံနက် ၄ နာရီ ၃၀ မိနစ်တွင် စတင်ကာ ည ၈ နာရီ ၃၀ မိနစ်တွင် ပြီးဆုံးသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းထောင်အတွင်း တရားထိုင်ကာ ညနေပိုင်းတွင် လေ့ကျင့်ခန်းအတွက် အကျဉ်းထောင်အတွင်း လမ်းလျှောက်ကြောင်း၊ ယင်းအချိန်မှအပ တစ်နေ့တာလုံး ပုတီးစိပ်ကာ အချိန်ကုန်ဆုံးလေ့ရှိသည်ဟု ဖော်ပြထားသည်။
Source: The Guardian