အစ္စရေးခေါင်းဆောင်တွေက ဒါကို ဘယ်တုန်းကမှ ထုတ်ဖော်မဝန်ခံခဲ့ပါဘူး။ ဒါပေမဲ့ အရှေ့အလယ်ပိုင်းမှာ အဏုမြူဗုံး ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော နိုင်ငံဟာ အစ္စရေးပဲ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းရဲ့ စစ်အင်အားအကြီးဆုံးဖြစ်တဲ့ မဟာရန်သူတော်နိုင်ငံနှစ်ခုကတော့ အစ္စရေးနဲ့ အီရန်ပဲ ဖြစ်ပါတယ်။ အီရန်က အစ္စရေးကို နိုင်ငံတစ်ခုအနေနဲ့ အသိအမှတ်မပြုပါဘူး။ လူဦးရေ ၉ သန်းသာရှိတဲ့ အစ္စရေးဟာ လူဦးရေ သန်း ၉၀ နီးပါးရှိတဲ့ အီရန်ရဲ့ မစ်ဆိုင်းဒုံးပစ်နိုင်တဲ့ အကွာအဝေးအတွင်းမှာ ရှိပါတယ်။ အစ္စရေးရဲ့ အကြီးမားဆုံး ပြည်ပရန်သူဟာ အီရန်ပဲ ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုတစ်ယောက် တောက်လျှောက်ပြောလာခဲ့တာဟာ ဆယ်စုနှစ်သုံးခုတိုင်ခဲ့ပါပြီ။
ဒါပေမဲ့ အစ္စရေးအဖို့ အခုအီရန်ထက် ပိုအန္တရာယ်ကြီးတဲ့ ပြည်ပရန်သူ ရှိပါတယ်။ အဲဒါကတော့ အဏုမြူဗုံး ဖင်ခုထိုင်လာမယ့် အီရန်ပါပဲ။
ဥဒယသီဟ စစ်ဆင်ရေး
သူတို့တိုင်းပြည် အီရန်နဲ့ စစ်ဖြစ်နေပြီဆိုတာ အစ္စရေးသားတွေ သိလိုက်ရချိန်က ဇွန်လ ၁၃ ရက်နေ့ နံနက်အစောပိုင်းမှာ ဥဩဆွဲသံတွေ ရုတ်တရက် ထွက်ပေါ်လာချိန်ပါပဲ။ အစ္စရေးဟာ အီရန်နိုင်ငံထဲက အဓိကအဏုမြူစက်ရုံတွေအပါအဝင် စစ်အခြေစိုက်စခန်းတွေနဲ့ မြို့တော်တီဟီရန်ကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု စတင်လိုက်ပါတယ်။ စစ်ဆင်ရေးအစမှာပဲ အီရန်လက်နက်ကိုင်တပ်တွေရဲ့ အကြီးအကဲဖြစ်သူ ၊ အီရန်နိုင်ငံရဲ့ ဝါအရင့်ဆုံး စစ်အရာရှိဖြစ်တဲ့ မိုဟာမက်ဟိုစိန်ဘာဂါရီနဲ့ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်(IRGC) ရဲ့ စစ်ဦးချုပ်ဖြစ်သူ ဟူစိန်ဆာလာမီတို့ဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။ အီရန်ရဲ့ ထိပ်သီးအဏုမြူသိပ္ပံပညာရှင် ၆ ဦးလည်း သေဆုံးခဲ့ပါတယ်။ ဒါဟာ ၁၉၈၀ ပြည့်နှစ်ကာလတွေတုန်းက အီရန် – အီရန်စစ်ပွဲနောက်ပိုင်း အီရန်နိုင်ငံပိုင်နက်ထဲမှာ အကြီးမားဆုံး တိုက်ခိုက်ခံရမှုပဲ ဖြစ်ပါတယ်။
စစ်ဆင်ရေးမစတင်ခင်ကတည်းက အီရန်နိုင်ငံအတွင်းပိုင်းကို လက်နက်တွေ မှောင်ခိုသယ်ယူထားတဲ့ အစ္စရေးထောက်လှမ်းရေး မော့ဆက်အဖွဲ့နဲ့ အစ္စရေးလေတပ်က ဒီစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တာပါ။ ဒီစစ်ဆင်ရေးဟာ မကြာသေးခင်က ယူကရိန်းရဲ့ ‘ပင့်ကူအိမ် စစ်ဆင်ရေး’ နဲ့ ဆင်တူတယ်လို့ သုံးသပ်ကြတာလည်း ရှိပါတယ်။ ဒါပေမဲ့ အစ္စရေးခေါင်းဆောင်တွေကတော့ ဒီစစ်ဆင်ရေးကို နာမည်တမျိုးပေးထားပါတယ်။ အဲဒါကတော့ ‘ဥဒယသီဟ စစ်ဆင်ရေး ‘ (Rising Lion Operation) ပါပဲ။
အရှေ့အလယ်ပိုင်းရဲ့ စစ်ပွဲသစ်
အီရန်မှာ အဏုမြူလက်နက် တည်ဆောက်မှု စတင်နေပြီဖြစ်လို့ လက်ဦးမှုယူတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။ သူတို့ကသာ ကြိုမတိုက်ခဲ့ရင် အီရန်က သူတို့ကို အရင်လာတိုက်မှာပဲဆိုတဲ့ သဘောမျိုး ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အစ္စရေးကို ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမယ်လို့ အီရန်ထိပ်သီး ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီက ကြုံးဝါးပါတယ်။ ဒါဟာ စစ်ကြေညာလိုက်တဲ့ လုပ်ရပ်ပဲလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးကလည်း ပြောပါတယ်။ အစ္စရေးအစိုးရကို အဓိကထောက်ခံအားပေးနေတဲ့ အမေရိကန်အစိုးရကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုအတွက် တာဝန်ယူရမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အမေရိကန်ပြည်ထောင်စုက ပါဝင်ပတ်သက်တာမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တိုက်ခိုက်မှုဖြစ်ပြီး မကြာခင်မှာပဲ ပြောခဲ့ပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ ဇွန်လ ၁၅ ရက်နေ့ အမေရိကန် – အီရန် အဏုမြူထိန်းချုပ်ရေးဆွေးနွေးပွဲ မတိုင်ခင်မှာ ထွက်ပေါ်လာခဲ့တာပါ။ အီရန်အနေနဲ့ ဧပြီလ ၁၂ ရက်နေ့ကစတင်လို့ ရက်ပေါင်း ၆၀ အတွင်း အဏုမြူထိန်းချုပ်ရေး သဘောတူညီချက် ရယူရမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖိအားပေးထားပါတယ်။ ဥဒယသီဟ စစ်ဆင်ရေး စတင်တဲ့ ဇွန်လ ၁၃ ရက်နေ့ဟာ ထရမ့် သတ်မှတ်ထားတဲ့ အချိန်အကန့်အသတ်ဖြစ်တဲ့ ရက် ၆၀ ကို တစ်ရက်စွန်း ၆၁ ရက်မြောက်နေ့ ဖြစ်ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှု စတင်ပြီးနောက်မှာ အမေရိကန် – အီရန် အဏုမြူဆွေးနွေးပွဲလည်း ပျက်ပြယ်သွားခဲ့ပါတယ်။ အီရန်ကို ဖိအားပေးဖို့ အစ္စရေးကို လူဆိုးအနေနဲ့ အသုံးချပြီး အမေရိကန်က လူကောင်းပုံစံပေါက်အောင် ထရမ့်က ကြိုးစားတဲ့ သဘောပဲလို့ သုံးသပ်ကြတာလည်း ရှိပါတယ်။ ပြီးခဲ့တဲ့အပတ် သောကြာနေ့ကစလို့ အစ္စရေးနဲ့ အီရန်အကြား နှစ်နိုင်ငံမြို့ကြီးတွေကို အပြန်အလှန် တိုက်ခိုက်မှုတွေ အရှိန်တင်းမာလာခဲ့သလို နှစ်ဘက်သေကြေဒဏ်ရာရမှုစာရင်းကလည်း မြင့်တက်လာနေပါတယ်။
ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု
လက်ရှိ ဖြစ်ပွားနေတဲ့ အစ္စရေး-အီရန် စစ်ပွဲဟာ ကမ္ဘာ့စီးပွားရေး မတည်မငြိမ် ဖြစ်စေဖို့ ခြိမ်းခြောက်နေပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဒီစစ်ပွဲ ပိုကျယ်ပြန့်လာခဲ့ရင် ကမ္ဘာ့ရေနံနဲ့ စွမ်းအင်ကုန်သွယ်မှုကို ထိခိုက်စေမှုကို စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။ စစ်ပွဲ စတင်လိုက်တဲ့ သောကြာနေ့မှာပဲ ကမ္ဘာ့ရေနံဈေး ထောင်တက်သွားခဲ့ပါတယ်။
ကမ္ဘာ့ပင်လယ်ရေကြောင်းရေနံတင်ပို့မှုရဲ့ သုံးပုံတစ်ပုံ ဖြတ်သန်းနေရတဲ့ အီရန်အနီးက ဟော့မတ်ဇ်ရေလက်ကြားကို အီရန်က ပိတ်လိုက်နိုင်ခြေရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။
အဲဒီစိုးရိမ်မှုကြောင့် ရေနံစည် ၁ စည်ကို ဒေါ်လာ ၁၀၀ အထက်အထိ ဈေးမြောက်သွားနိုင်ခြေ ရှိတယ်လို့ Al Jazeera က ဖော်ပြပါတယ်။ ရေနံထုတ်တဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို အီရန်က တိုက်ခိုက်လာခဲ့ရင် ကမ္ဘာ့စီးပွားရေးကိုလည်း ထိခိုက်မှု ဖြစ်ပေါ်လာစေနိုင်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ရေနံဈေးတက်လာတဲ့အခါ ထုတ်လုပ်မှုကုန်ကျစရိတ်လည်း မြင့်တက်လာပါတယ်။ ရေနံတင်သွင်းနေရတဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှု မြင့်တက်လာပြီး စီးပွားရေးတိုးတက်မှု နှေးကွေးတာနဲ့ ကြုံရနိုင်ပါတယ်။ ဗဟိုဘဏ်တွေရဲ့ အတိုးနှုန်းလျှော့ချနိုင်စွမ်းလည်း လျော့ကျလာနိုင်ပါတယ်။
အစ္စရေး – အီရန် စစ်ပွဲကြောင့် ကမ္ဘာအနှံ့မှာ စတော့ဈေးကွက် ဈေးနှုန်းကျဆင်းခဲ့ပြီး စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ ရေနံကုမ္ပဏီတွေရဲ့ အစုရှယ်ယာဈေးနှုန်းကတော့ မြင့်တက်လာပါတယ်။ စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်း တနံတလျားမှာ လေကြောင်းပျံသန်းမှု ခရီးစဉ်တွေကို ဖျက်သိမ်းထားလိုက်ရပါတယ်။
အီရန် ၊ အီရတ်နဲ့ ဂျော်ဒန်နိုင်ငံတွေမှာ နိုင်ငံ့လေပိုင်နက်ကို ပိတ်ထားရတာကြောင့် နိုင်ငံတကာအဓိကလေကြောင်းပျံသန်းမှု လမ်းကြောင်းတွေမှာ အနှောင့်အယှက် ဖြစ်ပေါ်ခဲ့ပါတယ်။ စစ်ပွဲ ပိုမိုကျယ်ပြန့်လာပြီး စစ်ပွဲထဲ အမေရိကန် တိုက်ရိုက်ပါဝင်ပတ်သက်လာတာမျိုး မရှိရင်တော့ ကမ္ဘာ့စီးပွားရေးထိခိုက်မှုဟာ အကန့်အသတ်နဲ့သာ ရှိနေမယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။
အဏုမြူလက်နက်ပြိုင်ပွဲသစ်
အီရန်မှာ အဏုမြူလက်နက်ရလာမှာကို တားဆီးဖို့ စတင်တိုက်ခိုက်လိုက်တာလို့ အစ္စရေးက ဆိုပေမယ့် ဆန့်ကျင်ဘက်အကျိုးဆက်ကိုလည်း ဖြစ်သွားစေနိုင်ပါတယ်။အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အီရန်အပါအဝင် အခြားနိုင်ငံတွေအနေနဲ့ အဏုမြူလက်နက်ပိုင်ဆိုင်မှုကသာ စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ခံရမှုကနေ ဟန့်တားကာကွယ်နိုင်တဲ့ တစ်ခုတည်းသော အားထားစရာလို့ ယုံကြည်လာနိုင်တယ်လို့ ကျွမ်းကျင်သူတော်တော်များများက ယူဆကြပါတယ်။
တောင်ကိုရီးယားနိုင်ငံ ၊ ပူဆန်အမျိုးသားတက္ကသိုလ်က အဏုမြူလက်နက်တိုးပွားမှုဆိုင်ရာ ကျွမ်းကျင်သူ ၊ နိုင်ငံရေးသိပ္ပံပါမောက္ခ ရောဘတ်ကယ်လီက အစ္စရေးရဲ့ အီရန်ကို တိုက်ခိုက်မှုဟာ ရှင်းလင်းတဲ့ သတင်းစကားတစ်ခု ပေးလိုက်တာပဲလို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ ၅ နှစ် သို့မဟုတ် ၆ နှစ်ကို ပြန်ကြည့်လိုက်ရင် အဏုမြူလက်နက်တွေဟာ တကယ့်ကို အားကောင်းတဲ့ စစ်ရေးအရ အကာအကွယ် အဟန့်အတားတစ်ခု ဖြစ်တယ်ဆိုတာကို ဖော်ပြတဲ့ ဖြစ်ရပ်တွေ အများကြီးကို ထပ်တလဲလဲ တွေ့ရလိမ့်မယ်” လို့ သူက ပြောပါတယ်။
“ခင်ဗျားမှာ အဲဒါ မရှိရင် ခင်ဗျား ဗုံးကြဲခံရမှာပဲ”
ဒါက အဏုမြူလက်နက်ရှိပြီးသားနိုင်ငံတွေမှာ အရေအတွက် ပိုတိုးထုတ်လာဖို့ တွန်းအားပေးသလို ၊ မရှိသေးတဲ့ နိုင်ငံတွေမှာလည်း ရှိလာအောင် ကြိုးစားဖို့ တွန်းအားပေးစေတယ်လို့ သူက သတိပေးပါတယ်။
သူ့ရဲ့ သတိပေးချက်ဟာ စတော့ဟုမ်းအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု့ (SIPRI) ရဲ့ တွေ့ရှိချက်နဲ့လည်း ကိုက်ညီပါတယ်။ အဲဒါကတော့ စစ်အေးခေတ်တုန်းကထက် ပိုအန္တရာယ်များပြီး ပိုသေချာတဲ့ အဏုမြူလက်နက်တပ်ဆင်မှု ပြိုင်ပွဲသစ်တစ်ခု ကမ္ဘာမှာ ပေါ်ထွက်လာနေတယ်ဆိုတဲ့ တွေ့ရှိချက်ပဲ ဖြစ်ပါတယ်။
အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန် ၊ ရုရှားနဲ့ အထူးသဖြင့် တရုတ်နိုင်ငံမှာ အဏုမြူထိပ်ဖူး ထုတ်လုပ်မှုကို တိုးချဲ့လာနေပါတယ်။ တစ်ချိန်တည်းမှာပဲ အိန္ဒိယနဲ့ ပါကစ္စတန်လို နိုင်ငံတွေမှာလည်း သူတို့ရဲ့ အဏုမြူလက်နက်တွေကို အဆင့်မြှင့်တင်လာပါတယ်။
အစ္စရေးရဲ့ ‘ဥဒယသီဟ စစ်ဆင်ရေး’ဟာ မြောက်ကိုရီးယားအဖို့ သူတို့ရဲ့ အဏုမြူလက်နက်ရရှိရေး ကြိုးပမ်းချက် မှန်ကန်တယ်ဆိုတာကိုလည်း အချက်ပေးလိုက်တာပဲလို့ မြောက်ကိုရီးယားရဲ့ အဏုမြူအစီအစဉ်ကိုသူ လေ့လာသူ ဝါရှင်တန်အခြေစိုက် သုတေသီတစ်ယောက်က ပြောပါတယ်။
အဏုမြူလက်နက်ရှင်နိုင်ငံစာရင်းထဲကို ထပ်ဝင်လာမယ့်နောက်ထပ်နိုင်ငံဟာ အီရန်ပဲ ဖြစ်တယ်လို့ ပါမောက္ခရောဘတ်ကယ်လီက ဆိုပါတယ်။
“ဒီစစ်ပွဲ ပြီးသွားတာနဲ့ အီရန်က အဏုမြူလက်နက်ထုတ်လုပ်မှုတွေ ပြန်လုပ်တော့မယ်ဆိုတာ ရှင်းနေတာပါတယ်။ အဲလို ကျွန်တော် ယူဆပါတယ်။ တကယ်လို့ သူတို့ အဲလို မလုပ်ဘူးဆိုရင်တော့ ကျွန်တော် တကယ်ကို အံ့ဩမိမှာပဲ”
အီရန်သာ အဏုမြူလက်နက်ရလာရင် အီရန်ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဆော်ဒီအာရေဗျကလည်း ထပ်ကြပ်မကွာ ခြေလှမ်းတူလိုက်လာနိုင်ပါတယ်။ အီရန်မှာ အဏုမြူလက်နက်ရရင် သူတို့လည်း အဏုမြူလက်နက်ထုတ်မယ်လို့ အရင်ကတည်းက သတိပေးထားခဲ့ဖူးတဲ့ နိုင်ငံဟာ ဆော်ဒီအာရေဗျပါပဲ။
အီရန်အစိုးရ ပြိုကျသွားမလား
အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အီရန်မှာ အစိုးရအပြောင်းအလဲ ဖြစ်ပေါ်လာလိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက မျှော်လင့်နေပါတယ်။ အီရန်အရေး ကျွမ်းကျင်သူတွေနဲ့ အီရန်နိုင်ငံသား တော်တော်များများက ဒါက ဖြစ်နိုင်ချေနည်းတယ်လို့ ဆိုပါတယ်။ နေတန်ညာဟုက ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်တဲ့ လက်ရှိအီရန်အစိုးရဟာ အင်မတန်အားနည်းနေပြီး အီရန်နိုင်ငံသားအများစုက အစိုးရကို ပြုတ်ကျစေချင်နေကြတယ်လို့ ဆိုပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေက အီရန်အစိုးရကို ပြည်သူတွေ ဆန့်ကျင်အုံကြွဖို့ အခွင့်ကောင်းတစ်ခုပဲလို့ သူက ပြောပါတယ်။
အီရန်အရေး ကျွမ်းကျင်သူတွေနဲ့ ပြည်တွင်းပြည်ပက အီရန်နိုင်ငံသား တော်တော်များများကတော့ နေတန်ညာဟုဟာ တကယ့်အရှိတရားကို နားလည်မှုလွဲမှားနေတယ်လို့ ဆိုပါတယ်။ ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီ ဦးဆောင်တဲ့ လက်ရှိအီရန်အစိုးရကို ပြည်သူတော်တော်များများက စက်ဆုပ်ပါတယ်။ ပြီးခဲ့တဲ့ လူထုဆန္ဒပြပွဲတွေမှာ အီရန်အစိုးရရဲ့ ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကြောင့် အစိုးရကို စက်ဆုပ်ဆန့်ကျင်စိတ်က ပိုကြီးထွားလာခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သိသာထင်ရှားကြီးမားတဲ့ ပြည်တွင်းလူထုအုံကြွမှုမျိုး ဖြစ်ပေါ်လာနိုင်စရာအကြောင်းမရှိဘူးလို့ အီရန်နိုင်ငံသားတွေနဲ့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လက်ရှိစစ်ပွဲအပေါ် ကြောက်ရွံ့ထိတ်လန့်မှုနဲ့ တိုင်းပြည်ရှင်သန်ရေးကပဲ အစိုးရအပေါ် မနှစ်မြို့စိတ်ကို လွှမ်းမိုးထားတယ်လို့ သူတို့က ပြောပါတယ်။
အီရန်ပြည်သူတော်တော်များများဟာ အီရန်အစိုးရကို ဖြုတ်ချဖို့ထက် အစ္စရေးရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြားမှာ ဘေးကင်းဖို့ကိုပဲ ပိုအာရုံစိုက်နေကြရချိန် ဖြစ်တယ်လို့
အီရန်ဂျာနယ်လစ်တစ်ယောက်က CNN သတင်းဌာနကို ပြောခဲ့ပါတယ်။
အခုလို အချိန်မျိုးမှာ အီရန်အစိုးရကို ဆန့်ကျင်ဆန္ဒပြတာက သွေးထွက်သံယို ဖိနှိပ်ဖြိုခွင်းမှုတွေနဲ့ ကြုံရပြီး ဆန္ဒပြသူတိုင်းကို အစ္စရေးသူလျှိုလို့ အစိုးရက တံဆိပ်ကပ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။ အီရန်လူထုရဲ့ အမြင်မှာ လက်ရှိအီရန်အစိုးရဟာ လမ်းပေါ်ဆန္ဒပြပွဲတွေကြောင့် ပြိုကျသွားလောက်အောင် အားမနည်းသေးဘူးလို့လည်း သူက ဖြည့်စွက်ပြောခဲ့ပါတယ်။
ပြည်ပရောက်အစိုးရဆန့်ကျင်သူ အီရန်တက်ကြွလှုပ်ရှားသူတွေကြားမှာတောင် အစ္စရေးရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေကို ဒေါသထွက်နေကြတယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြားမှာ အီရန်နိုင်ငံသားတွေ စည်းလုံးမှုရှိဖို့ကို ဆော်ဩနေတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ပွဲကနေတဆင့် အစိုးရအပြောင်းအလဲဖြစ်ဖို့ တွန်းအားပေးတာရဲ့ ရလဒ်ဟာ နေတန်ညာဟု မျှော်လင့်ထားသလိုမဟုတ်ဘဲ အဏုမြူလက်နက်ပိုင်ဆိုင်တဲ့ စစ်အစိုးရတစ်ရပ်ပဲ ဖြစ်လာနိုင်တယ်လို့ အီရန်သတင်းစာအယ်ဒီတာတစ်ယောက်ဖြစ်သူ မိုဟာမက်အလီရှာဘာနီက X လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။
အမျိုးသားရေးစိတ်ဓာတ်ဟာ စစ်ပွဲကာလတွေအတွင်းမှာ မြင့်တက်လာလေ့ရှိပြီး ဒေသတွင်းနိုင်ငံရေးကို စစ်အင်အားသုံးပြီး ပုံသွင်းလို့ မရဘူးလို့ အာရပ်စော်ဘွားများ ပြည်ထောင်စုရဲ့ သံတမန်ရေးရာ အကြံပေးပုဂ္ဂိုလ်တစ်ဦးကလည်း ဆိုပါတယ်။
“နေတန်ညာဟုက ကျွန်တော်တို့ကို တိုက်ခိုက်နေတယ်။ ပြီးတော့ ကျွန်တော်တို့ကပဲ ခါမေနီကို ပြန်ဖြုတ်ချဖို့ သူက မျှော်လင့်သေးတယ်။ ပေါင်မုန့်နဲ့ ဓာတ်ဆီရအောင် တန်းစီနေရတဲ့အချိန် ၊ ကျွန်တော်တို့ အသက်မှ ရှင်ပါ့မလား စိုးရိမ်နေရတဲ့အချိန်ကြီးမှာပေါ့။ အစ္စရေးဒုံးကျည်တွေနဲ့ ခါမေနီကို ဖြုတ်ချမယ်တဲ့လား” လို့ အီရန်ဂျာနယ်လစ်တစ်ယောက်က ဆိုတယ်။
သူ ဆက်ပြောတာက
“ဟုတ်ကဲ့ ၊ သူတို့လက်မှာ ကျွန်တော်တို့ သားသမီးတွေရဲ့ သွေးစွန်းနေတဲ့ ဒီအစိုးရခေါင်းဆောင်တွေ အသတ်ခံရတာကို မြင်ရရင် ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ သာမန်ပြည်သူတွေ သေနေရတာကို မြင်ရတာက နာကျင်စရာကောင်းလိုက်တာဆိုတာလေ…”
ဈာန်ဟိန်း
Ref: CNN ၊ The Guardian ၊ BBC ၊ Al Jazeera ၊ NBC News ၊ CNA ၊ The Economist