BREAKING
June 18, 2025

ကမ္ဘာ့ဒုက္ခသည်များနေ့ မှတ်တမ်းရုပ်ရှင်ပြပွဲ ထားဝယ်သူ တစ်ဦး မှတ်တမ်းရုပ်ရှင် ပါ၀င်

June 18, 2025

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ပီတိအိမ် (Joy House ) တွင် ကျင်းပသည့် ကမ္ဘာ့ ဒုက္ခသည်များနေ့ အထိမ်းအမှတ် မှတ်တမ်းရုပ်ရှင်ပြပွဲတွင် ထား၀ယ်သူဆာရာ၏ မှတ်တမ်းရုပ်ရှင် ပါ၀င်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါပွဲကို ဇွန်လ ၁၄ ရက်တွင် ပြုလုပ်ခဲ့ပြီး စုစုပေါင်း မှတ်တမ်းရုပ်ရှင်ဇာတ်ကား ၉ ကားပါ၀င်ပြသခဲ့သည်။

ပြပွဲတွင်ပြသသည့် ဇာတ်ကားအများစုမှာ မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝအခြေအနေများ၊ ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် လူ့အခွင့်အရေးအခြေအနေများကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။

ဆာရာရိုက်ကူးတင်ဆက်ထားသည့် မှတ်တမ်းရုပ်ရှင်မှာ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်လေး အကြောင်းဖြစ်သည်။

“သူရဲ့အဖေကလည်း နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ယောက် ဖြစ်ပြီး ချင်းတိုင်းရင်းသူ တစ်ဦးလည်းဖြစ်တယ်။ သူမရဲ့ ဘ၀က မိဘတွေက နိုင်ငံရေး အရွှေပြောင်းတွေနဲ့အတူ တောက်လျှောက်မိဘတွေ နောက်ကို လိုက်ရင်း သူ့ဘ၀မှာ နေရာအတည်အကျမရှိဘဲ ရွှေ့ပြောင်းနေထိုင်သူအဖြစ် ရပ်တည်ကြီးပြင်းလာခဲ့ရတယ်” ဟု “A Name But No Nation” ဆိုသည့် နာမည်ဖြင့် ပြသခဲ့သည့် မှတ်တမ်းရုပ်ရှင်နှင့်ပတ်သက်၍ ဆာရာကရှင်းပြသည်။

မှတ်တမ်းရုပ်ရှင်ကို ဆာရာနှင့် သူငယ်ချင်း ဖြစ်သူတို့ ပူးပေါင်း ရိုက်ကူးခဲ့ပြီး မဲဆောက်တွင် ဆယ်ရက်ကြာ Documentary (မှတ်တမ်းရုပ်ရှင်) သင်တန်း တက်ရောက်ပြီးနောက် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ထား၀ယ်ဇာတိဖြစ်သည့် ဆာရာသည် အာဏာမသိမ်းခင်က သတင်းထောက်တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး အာဏာသိမ်းပြီးနောက် တက်ကြွလှုပ်ရှားသူအနေနှင့် ပါ၀င်ခဲ့သည့်အတွက် ထိုင်းနိုင်ငံ နယ်စပ်တစ်နေရာသို့ ရောက်ရှိနေခြင်းဖြစ်သည်။

“စစ်အာဏာသိမ်းပြီးနောက်မှာ အဓိကအားဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေဟာ အမျိုးသားတွေ ထက် စစ်ဒဏ်ကိုပိုခံစားကြရတယ်။ အဲဒီအထဲမှာမှ ကျွန်မတို့ တနင်္သာရီတိုင်းဘက်မှ အမျိုးများအားလုံးနီးပါးကလည်း တခြားတိုင်းရင်းသားနည်းတူ စစ်ဒဏ်ကို အမျိုးမျိုးခံစားနေကြရပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ အဲဒါကို ကျွန်မအနေနဲ့ လက်ပိုက်မကြည့်နေနိုင်ပါဘူး။ ဒါကြောင့် ကျွန်မဒီကာလထဲမှာ Documentary story လေးတွေကို ရိုက်တယ်” ဟု Documentary ရိုက်ရခြင်းအကြောင်းရင်းကို ဆာရာကပြောသည်။

ရိုက်ကူးထားသည့် ဇာတ်ကားများ ပြသရန် အချိတ်အဆက်မရှိဖြစ်နေရာမှ Myanmar Film Tour က စီစဥ်သည့်ယခုပွဲတွင် ပြသရန် အရွေးခံရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

Myanmar Film Tour မှ စီစဉ်သည့် ယင်းမှတ်တမ်း ရုပ်ရှင်ပြပွဲကို မဲဆောက်မြို့၌ ၃ နှစ်ဆက်တိုက် ကျင်းပခဲ့ပြီး နောက်နှစ်များတွင်လည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှသိရသည်။

ယခုနှစ် ရုပ်ရှင်ပြပွဲကို မဲဆောက်၊ ချင်းရိုင်၊ ချင်းမိုင်နှင့် ဘန်ကောက်မြို့များတွင် ပြသသွားမည့်အပြင် အင်ဒိုနီးရှားနှင့် အခြား နိုင်ငံများသို့လည်း ဆက်လက် ပြသသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။