လောင်းလုံးမြို့နယ် မြောက်ပိုင်းတွင်ရှိသည့် စခန်းကြီး၊ ခမောင်းတောင်၊ တောင်မင်းပြောင်ကျေးရွာများဘက်သို့လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အင်အား ၆၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁၆ ရက်တွင် စခန်းကြီးရွာသို့ရောက်ရှိလာပြီး ရွာရှိဘုန်းကြီးကျောင်းတွင် ယာယီစခန်းချနေထိုင်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။
စစ်ကြောင်း ဝင်လာသဖြင့် စခန်းကြီးရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“သေနတ်ပစ်ပြီး ခြိမ်းခြောက်တာတော့ မရှိပေမယ့်လည်း သူတို့ရှိရင် ရွာထဲ မနေရဲဘူး” ဟု ၎င်းက ပြောသည်။
ဇွန်လ ၁၇ ရက် နေ့လယ်ပိုင်းတွင်မူ အဆိုပါစစ်ကြောင်းသည် စခန်းကြီးရွာမှတစ်ဆင့် တောင်မင်းပြောင်ကျေးရွာသို့ စစ်ကြောင်းထိုးသွားခဲ့ပြီး ရွာဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
ယင်းကဲ့သို့ တပ်စွဲလာသဖြင့် တောင်မင်းပြောင်၊ ခမောင်းတောင်ရွာသားများအပြင်း အနီးအနားရှိ ဖွားဘုတ်ပြင်ရွာသား အချို့လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်မွေးနေ့ပွဲ မကျင်းပနိုင်စေရေး စစ်ကောင်စီတပ်က ကျေးရွာများဘက် စစ်ကြောင်းထိုးလာခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ယူဆနေကြသည်။
အဆိုပါစစ်ကြောင်းသည် တစ်ရက်တစ်ရွာ စစ်ကြောင်းထိုး သွားလာနေသဖြင့် အနီးအနားရှိ အခြားကျေးရွ ာဒေသခံများလည်း ၎င်းတို့ရွာကိုရောက်ရှိလာမည်ကို စိုးရိမ်ကြောင်း ပြောဆိုကြသည်။
တစ်ချိန်တည်းတွင်ပင် စစ်ကောင်စီတပ်သည် မြို့နယ်တောင်ဘက်၊ လောင်းလုံးမြို့နှင့် အနီးဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းထိုးနေသဖြင့် ဝေဒီ၊ ပြင်းထိန်၊ စစ်ပြဲ၊ ညင်းမော်၊ လေးသွန်းခံ၊ ကထောင်းနီ၊ ကညုံကျွန်းကျေးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်ကြောင်းနှင့်တိုးပြီး ဖမ်းဆီးခံထားရသူလည်း ၄၀ ခန့်ရှိနေသည်။
အလားတူ ထားဝယ်မြစ်ထဲတွင်လည်း စစ်ကောင်စီ စစ်သင်္ဘောများ လှည့်ပတ်သွားလာနေပြီး မြစ်ကမ်းနားတစ်လျှောက်ရှိ ကျေးရွာအချို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိသည်။
လက်နက်ကြီးကျည်အချို့မှာ လယ်ကွင်းများထဲသို့ မပေါက်ကွဲဘဲရှိနေသေးရာ လယ်ထွန်းယက်စိုက်ပျိုးရန် စိုးရိမ်ကြောင်း ဒေသခံအချို့က ဆိုသည်။