ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် လိင်တူထိမ်းမြားခွင့်ကို အထက်လွှတ်တော် အတည်ပြု

June 18, 2024

ဓာတ်ပုံ – Khaosod English

ထိုင်းနိုင်ငံတွင် လိင်တူချင်း ထိမ်းမြားလက်ထက်ခွင့်ဥပဒေကို ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် အထက်လွှတ်တော်အမတ်များက မဲပေးအတည်ပြုလိုက်ပြီဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ကျား၊ မ မခွဲခြားတော့ဘဲ လိင်တူခြင်းထိမ်းမြား လက်ထက်ခွင့်ဥပဒေကို အထက်လွှတ်တော်အမတ်များက ထောက်ခံမဲ ၁၃၀ မဲ၊ ကန့်ကွက်မဲ ၄ မဲ၊ ကြားနေမဲ ၁၈ မဲ ဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။

လွှတ်တော်တွင် အတည်ပြုပြီးနောက် အစိုးရနှင့် ဝန်ကြီးချုပ်ထံ ပေးပို့သွားမည်ဖြစ်ပြီး ထိုင်းဘုရင်က လက်မှတ်ထိုးထုတ်ပြန်ရမည်ဖြစ်သည်။

ထို့နောက် ရက်ပေါင်း ၁၂၀ ကြာတွင် ဥပဒေအဖြစ် အသက်ဝင်တော့မည်ဖြစ်သဖြင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် လိင်တူချင်း ထိမ်းမြားလက်ထပ်နိုင်တော့မည်ဖြစ်သည်။

ထို့ကြောင့် ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် လိင်တူချင်း ထိမ်းမြားလက်ထပ်နိုင်သော ပထမဆုံးနိုင်ငံဖြစ်လာတော့မည်ဖြစ်ပြီး အာရှတွင် ထိုင်ဝမ်၊ နီပေါနိုင်ငံများနောက် တတိယနိုင်ငံဖြစ်လာတော့မည်ဖြစ်သည်။

တန်းတူညီမျှသော ထိမ်းမြားခြင်းဥပဒေအရ လင်ယောက်ျား၊ ဇနီးမယားဟု မသုံးစွဲတော့ဘဲ အိမ်ထောင်ဖက်ဟု သုံးစွဲသွားမည်ဖြစ်သည်။

အသက် ၁၈ နှစ်ပြည့်သူတိုင်း မည်သူမဆို ထိမ်းမြားလက်ထပ်ခွင့် ရရှိမည်ဖြစ်ပြီး အိမ်ထောင်ရှိပြီးသားနှင့် လက်ထပ်ခွင့်ကို‌မူ တားမြစ်ထားသည်။

ယင်းကြောင့် ဥပဒေအရ LGBTQ+ စုံတွဲများအားလုံး အခွန်ဆောင်ခြင်း၊ အမွေဆက်ခံခြင်း၊ မသန်စွမ်းဖြစ်မှုများအတွက် တစ်ဦးနှင့်တစ်ဦး ဆေးကုသပေးခွင့်များ တန်းတူရရှိလာမည်ဖြစ်သည်။

ဥပဒေအောက်တွင် လိင်တူထိမ်းမြားထားသူများလည်း ကလေးမွေးစားခွင့်များ ရရှိလာမည်ဖြစ်သည်။

အထက်လွှတ်တော်အမတ်များက လိင်တူထိမ်းမြားလက်ထပ်ခွင့်ကို အတည်ပြုလိုက်ပြီးနောက် ထိုင်းလိင်တူချစ်သူများ၊ ထောက်ခံသူများက အစိုးရအိမ်တော်နှင့် လွှတ်တော်များရှေ့တွင် အောင်ပွဲခံခဲ့ကြသည်။

Ref: Khaosod English, The Nation Thailand