ပြီးခဲ့တဲ့လမှာ အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီဟာ တမီးလ်နာဒူးပြည်နယ်က လူထုဟောပြောပွဲတစ်ခုမှာ ပြည်နယ်ခေါင်းဆောင်တွေကို လှောင်ပြောင်လိုက်ပါတယ်။
“တမီးလ်နာဒူးပြည်နယ်ရဲ့ အစိုးရဝန်ကြီးမင်းများဟာ သူတို့ရဲ့ တမီးလ်ဘာသာစကားကို ဂုဏ်ယူတယ်ဆိုပြီး ပြောလေ့ရှိကြတယ်။ ဒါပေမဲ့ သူတို့တွေ ကျွန်တော့်ဆီကို စာရေးတဲ့အချိန်တိုင်း အင်္ဂလိပ်လိုပဲ ရေးပြီး အင်္ဂလိပ်လိုပဲ လက်မှတ်ထိုးကြတယ်။ တမီးလ်စကားကို သူတို့ ဘာလို့ မသုံးကြတာလဲ”
မိုဒီက မေးခွန်းထုတ်ပါတယ်။
“သူတို့ရဲ့ တမီးလ်မာနက ဘယ်ရောက်သွားတာလဲ”
ဒါဟာ မိုဒီဦးဆောင်တဲ့ အိန္ဒိယဗဟိုအစိုးရနဲ့ တမီးလ်နာဒူးပြည်နယ်အစိုးရအကြား တောက်လောင်နေတဲ့ ဘာသာစကားပဋိပက္ခတစ်ခုကို လှစ်ဟပြနေတဲ့ စကားလုံးတွေပဲ ဖြစ်ပါတယ်။
အိန္ဒိယဟာ မြန်မာပြည်အတွက် အတုယူစရာ ဖက်ဒရယ်မော်ဒယ်တစ်ခု ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလင့်တနာက ညွှန်းဆိုခဲ့ဖူးပါတယ်။
အိန္ဒိယရဲ့ ဖက်ဒရယ်ပညာရေးကဏ္ဍမှာ တိုင်းရင်းသားဘာသာစကားသင်ကြားရေးနဲ့ ပတ်သက်လို့ သမိုင်းကြောင်းနဲ့ချီ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတစ်ခုဟာ မြန်မာပြည်ရဲ့ အနာဂတ်ဖက်ဒရယ်ပညာရေးအတွက်လည်း သင်ခန်းစာထုတ်ယူဆင်ခြင်ဖို့ ကောင်းလှပါတယ်။
ဒီပဋိပက္ခရဲ့ ဗဟိုချက်ကတော့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားပညာရေးမူဝါဒ(National Education Policy)ပါပဲ။
သုံးဘာသာ သင်ကြားရေး
ဖက်ဒရယ်ပြည်ထောင်စုတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ပညာရေးလုပ်ပိုင်ခွင့်အာဏာကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား ပူးတွဲလုပ်ပိုင်ခွင့်အာဏာစာရင်းထဲ ထည့်သွင်းထားပါတယ်။ ၁၉၆၈ ခုနှစ်က စတင်ပြဌာန်းခဲ့တဲ့ အမျိုးသားပညာရေးမူဝါဒကို မကြာသေးခင် ၂၀၂၀ ခုနှစ်မှာပဲ တတိယအကြိမ်မြောက် ပြင်ဆင်မွမ်းမံအတည်ပြုလိုက်ပါတယ်။
ကနဦးစတင်ပြဌာန်းခဲ့တဲ့ အမျိုးသားပညာရေးမူဝါဒအရ ပြည်နယ်အားလုံးက စာသင်ကျောင်းတွေမှာ ဘာသာစကားသုံးမျိုး မဖြစ်မနေ သင်ကြားပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ အိန္ဒိယမြောက်ပိုင်းက ဟင်ဒီစကားပြောတဲ့ ပြည်နယ်တွေမှာ ဟင်ဒီ ၊ အင်္ဂလိပ်စာနဲ့ အိန္ဒိယတိုင်းရင်းသား ဘာသာစကားတစ်ခုကို တတိယဘာသာစကားအဖြစ်နဲ့ ရွေးချယ်သင်ကြားပေးရပါမယ်။
ဟင်ဒီစကားမပြောတဲ့ ပြည်နယ်တွေမှာတော့ မိခင်ဘာသာစကား ၊ ဟင်ဒီနဲ့ အင်္ဂလိပ်စာကို သင်ကြားပေးဖို့ လိုအပ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဟင်ဒီဘာသာစကားကို အိန္ဒိယတစ်နိုင်ငံလုံးရဲ့ အဓိကဆက်သွယ်ပြောဆိုရေး ဘာသာစကားဖြစ်လာအောင် တွန်းအားပေးဖို့ ဖြစ်ပါတယ်။
ဂျဝါဟလာနေရူးတက္ကသိုလ်(JNU) က ဘာသာဗေဒပညာရှင်တစ်ယောက်ရဲ့ အဆိုအရ လွတ်လပ်သော အိန္ဒိယရဲ့ တည်ထောင်သူဖခင်ကြီးတွေဟာ အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် အန္တရာယ်အနေနဲ့ ရှုမြင်ခဲ့တဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ အိန္ဒိယရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုစုံလင်ကွဲပြားမှုပါပဲ။
ဘာသာစကားသုံးမျိုးသင်ကြားရေးမူဟာ ကလေးတွေရဲ့ ပညာရေးအတွက် ထည့်စဉ်းစားပြီး ရွေးချယ်ခဲ့တာမဟုတ်ဘဲ ဟင်ဒီဘာသာစကား အတင်းသွတ်သွင်းသင်ကြားစေမှုကို လက်မခံလိုသူတွေကို ဖြေရှင်းတဲ့အနေနဲ့ ရွေးချယ်အကောင်အထည်ဖော်ခဲ့တာ ဖြစ်တယ်လို့ ဆိုခဲ့ပါ ဘာသာဗေဒပညာရှင်က ပြောပါတယ်။
ဘာသာစကားသုံးမျိုးသင်ကြားရေးမူကို တကယ်တမ်းလက်တွေ့အကောင်အထည်ဖော်ကြချိန်မှာတော့ ဟင်ဒီစကားပြောတဲ့ ပြည်နယ်အများစုဟာ သက္ကတဘာသာစကားကိုပဲ အမှတ်များများရဖို့ ရည်ရွယ်ချက်နဲ့ ပုံသေကားကျ သင်ကြားပေးခဲ့ကြပါတယ်။ အာရိယာန်အုပ်စုဝင်တစ်ခုဖြစ်တဲ့ သက္ကတဘာသာစကားဟာ လူတွေအကြား ပြောဆိုသုံးစွဲမှုမရှိတော့ဘဲ သေဆုံးပြီးသား ဘာသာစကားတစ်ခု ဖြစ်ပါတယ်။
ဘာသာစကားသုံးမျိုးသင်ကြားရေးမူဝါဒကို စတင်မိတ်ဆက်လိုက်တဲ့ ၁၉၆၈ ခုနှစ်မှာပဲ ဟင်ဒီစကားမပြောတဲ့ ပြည်နယ်တွေမှာ ဟင်ဒီဘာသာစကား သင်ကြားရေးကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်က အသစ်ပြင်ဆင်ပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးမူဝါဒမှာတော့ ဘာသာစကားသုံးမျိုးသင်ကြားရေးမူ ဆက်လက်ပါရှိပေမယ့် သင်ကြားရမယ့် ဘာသာစကားတွေနဲ့ ပတ်သက်လို့ ရွေးချယ်ရာမှာ လွတ်လပ်မှုပိုရှိလာပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ ဟင်ဒီစကားမပြောတဲ့ ပြည်နယ်တွေမှာ မိခင်ဘာသာစကားအပြင် ဟင်ဒီဘာသာစကားကို မဖြစ်မနေ ထည့်သွင်းသင်ကြားစရာ မလိုတော့ပါဘူး။
ဟင်ဒီဘာသာစကားနေရာမှာ အခြားအိန္ဒိယတိုင်းရင်းသားဘာသာစကားတစ်ခုကို သင်ကြားခွင့်ပြုလာပါတယ်။ ဒါပေမဲ့ ဒါကို လက်မခံတဲ့ ပြည်နယ်တစ်ခု ရှိပါတယ်။ ဘာသာစကားသင်ကြားရေးနဲ့ ပတ်သက်လို့ ဗဟိုအစိုးရကို သမိုင်းတလျှောက် ဖီဆန်လာခဲ့တဲ့ တမီးလ်နာဒူးပြည်နယ်ပါပဲ။
တမီးလ်မာန
တမီးလ်နာဒူးပြည်နယ်ဟာ အိန္ဒိယရဲ့ ကျန်တဲ့ပြည်နယ်တွေနဲ့ မတူဘဲ ဘာသာစကားသုံးမျိုးသင်ကြားရေးကို ဘယ်တုန်းကမှ လက်မခံခဲ့တဲ့ ပြည်နယ် ဖြစ်ပါတယ်။ ဒီပြည်နယ်က စာသင်ကျောင်းတွေမှာ တမီးလ်ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားနှစ်မျိုးတည်းကိုပဲ အစဉ်တစိုက် သင်ကြားလာခဲ့ပါတယ်။
ဟင်ဒီဘာသာစကားဟာ အင်ဒို – အာရိယန်ဘာသာစကားအုပ်စုကနေ ဆင်းသက်လာတာဖြစ်ပြီး တမီးလ်ဘာသာစကားကတော့ တမူကွဲပြားခြားနားတဲ့ ဒရာဗိဒိယန်ဘာသာစကားအုပ်စုကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ တမီးလ်နာဒူးပြည်နယ်ရဲ့ အိမ်နီးနားချင်းပြည်နယ်တွေမှာ ပြောဆိုသုံးစွဲကြတဲ့ တီလဂု ၊ ကန်နာဒါ ၊ မလေယာလမ် စတဲ့ ဘာသာစကားတွေကလည်း ဒရာဗိဒိယန်ဘာသာစကားအုပ်စုဝင်တွေ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ အကြီးဆုံးနဲ့ လူဦးရေအများဆုံးပြည်နယ်ဖြစ်တဲ့ တမီးလ်နာဒူးဟာ အိန္ဒိယလွတ်လပ်ရေးရလာပြီးကတည်းက သူတို့ရဲ့ ဒရာဗိဒိယန်အမှတ်အသားသရုပ်ကို အတိုင်းအတာ ကြီးကြီးမားမား ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒီအမှတ်အသားသရုပ်ကပဲ တမီးလ်နာဒူးပြည်နယ်ကို အိန္ဒိယရဲ့ အခြားပြည်နယ်တွေနဲ့ မတူဘဲ တမူထူးခြား ကွဲထွက်နေစေခဲ့တာ ဖြစ်ပါတယ်။
ဗြိတိသျှလက်အောက်က လွတ်လပ်ရေးမရခင် ၁၉၃၇ ခုနှစ်ကတည်းက ဟင်ဒီဘာသာစကားဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေဟာ တမီးလ်နာဒူးပြည်နယ်မှာ စတင်ပေါက်ကွဲနေခဲ့ပါပြီ။ ဗြိတိသျှကိုလိုနီလက်အောက်ခံဘဝ ကွန်ဂရက်ပါတီဦးဆောင်တဲ့ တမီးလ်နာဒူးပြည်နယ်အစိုးရဟာ စာသင်ကျောင်းတွေမှာ ဟင်ဒီဘာသာစကားကို မဖြစ်မနေသင်ကြားရမယ်လို့ အဲဒီအချိန်က ပြဌာန်းခဲ့ပါတယ်။
အဲဒါကို မကျေနပ်တဲ့ တမီးလ်လူမျိုးတွေရဲ့ ဆန္ဒပြပွဲတွေ နှစ်နှစ်ကျော်ကြာအောင် ဖြစ်ပွားခဲ့ပါတယ်။ လူပေါင်း ၁၂၀၀ ကျော် ဖမ်းဆီးအကျဉ်းကျခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဟင်ဒီဘာသာစကားကို မဖြစ်မနေသင်ကြားရမယ်ဆိုတဲ့အမိန့်ကို ဗြတိသျှအစိုးရက ပယ်ဖျက်ပေးလိုက်ပါတယ်။
၁၉၄၇ ခုနှစ်မှာ ဗြိတိသျှလက်အောက်ကနေ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရလာခဲ့ပါပြီ။ လွတ်လပ်သော အိန္ဒိယရဲ့ ဗဟိုအစိုးရဟာ တစ်နိုင်ငံလုံးရဲ့ အဓိကဆက်သွယ်ပြောဆိုရေးဘာသာစကားအနေနဲ့ အင်္ဂလိပ်ဘာသာစကားကို ဟင်ဒီဘာသာစကားနဲ့ အစားထိုးဖို့ ကြိုးစားခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်မှာ ပြဌာန်းလိုက်တဲ့ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ဗဟိုအစိုးရအနေနဲ့ ဟင်ဒီဘာသာစကား ပျံ့နှံ့ရေးကို အားပေးမြှင့်တင်ဖို့ တိုက်တွန်းထားပါတယ်။
ဒါကို ဟင်ဒီစကားမပြောတဲ့ ပြည်နယ်တွေက အပြင်းအထန် ဆန့်ကျင်ခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယဗဟိုအစိုးရဟာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရပါတယ်။ ၁၉၅၀ ပြည့်နှစ်အလွန် နောက်ထပ် ၁၅ နှစ်ကြာတဲ့အထိ အင်္ဂလိပ်စာကိုပဲ နောက်ထပ်တရားဝင်ရုံးသုံးဘာသာစကားအနေနဲ့ ဆက်လက်သုံးစွဲဖို့ပါပဲ။
၁၉၆၅ ခုနှစ်နား ကပ်လာချိန်မှာတော့ သွေးထွက်သံယို လူထုဆန္ဒပြပွဲကြီးတွေဟာ တမီးလ်နာဒူးပြည်နယ်အနှံ့မှာ ပေါက်ကွဲလာပါတယ်။ သူတို့ပြည်နယ်မှာ ဟင်ဒီဘာသာစကား အတင်းသွတ်သွင်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတဲ့အတွက် ဗဟိုအစိုးရဟာ အင်္ဂလိပ်စာကိုပဲ တရားဝင်ရုံးသုံးဘာသာစကားအဖြစ် ဆက်လက်သုံးစွဲဖို့ ဥပဒေပြဌာန်းလိုက်ရပါတယ်။ ဒါပေမဲ့ နောက်တက်လာတဲ့ အိန္ဒိယဗဟိုအစိုးရအဆက်ဆက်ဟာ ဟင်ဒီစကားအတင်းသွတ်သွင်းမှုကို ဆန့်ကျင်တဲ့ စိတ်ခံစားချက်တွေ ကြီးထွားစေမယ့် ပေါ်လစီတွေကိုပဲ ဆက်လက်ချမှတ်နေခဲ့ပါတယ်။
ဘာသာစကားဟာ အိန္ဒိယရဲ့ အခြားဒေသတွေမှာလည်း ထိလွယ်ရှလွယ် အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်မှာ တီလဂုစကားပြောသူတွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာပြီးနောက် တမီးလ်နာဒူးပြည်နယ်ကနေ အန်ဒရာပရာဒေ့ရှ်ပြည်နယ်ဆိုပြီး ထပ်မံခွဲထွက်သွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်အပြီး နောက်နှစ်အနည်းငယ်အကြာမှာ အိန္ဒိယပြည်နယ်တွေရဲ့ နယ်နိမိတ်ကို ဘာသာစကားအပေါ် အခြေခံပြီး ပြန်လည်ရေးဆွဲသတ်မှတ်လိုက်ပါတယ်။

၁၉၆၈ ခုနှစ် အမျိုးသားပညာရေးမူဝါဒအရ ဟင်ဒီဘာသာစကားကို မဖြစ်မနေသင်ကြားရမယ်ဆိုတာကို တမီးလ်နာဒူးအပြင် အခြားပြည်နယ်တွေကလည်း ကန့်ကွက်ခဲ့ကြတာပါပဲ။ ဒါပေမဲ့ အမျိုးသားပညာရေးမူဝါဒကို လုံးဝဖီဆန်ပြီး တမီးလ်နဲ့ အင်္ဂလိပ် ဘာသာစကားနှစ်မျိုးတည်း သင်ကြားစေခဲ့တာကတော့ တမီးလ်နာဒူးပြည်နယ်တစ်ခုပဲ ရှိပါတယ်။
တမီးလ်နာဒူးပြည်နယ်က သူတို့ ကလေးတွေအတွက် ဘာသာစကား နှစ်မျိုးတည်းသာ လိုအပ်တယ်ဆိုပြီး ဘာသာစကားသုံးမျိုးသင်ကြားရေးစနစ်ကို ငြင်းဆန်လာခဲ့တာ ကြာပါပြီ။ သူတို့ကလေးအတွက် မိခင်ဘာသာစကား တမီးလ်နဲ့ ကမ္ဘာသုံးဆက်သွယ်ရေးဘာသာစကား အင်္ဂလိပ်တို့ပဲ လိုအပ်တယ်လို့ တမီးလ်ပြည်နယ်ခေါင်းဆောင်တွေက ဆိုပါတယ်။ ဘာသာစကားသုံးမျိုးသင်ကြာရေးစနစ်ကို တမီးလ်နာဒူးပြည်နယ်က လက်မခံတဲ့အပေါ် ဗဟိုအစိုးရဘက်က ဘဝင်မကျပေမယ့် မျက်ကွယ်ပြုထားပေးခဲ့ပါတယ်။ ဒါပေမဲ့ မိုဒီအစိုးရလက်ထက်မှာတော့ ဒါက ပြောင်းလဲသွားခဲ့ပါတယ်။
မိုဒီအစိုးရနဲ့ တမီးလ်နာဒူးပြည်နယ် အားပြိုင်ပွဲ
မကြာသေးခင်က မိုဒီအစိုးရရဲ့ ပညာရေးဝန်ကြီး ဒါမန်ဒရာပရာဒန် ပြောလိုက်တဲ့ စကားကြောင့် တမီးလ်နာဒူးပြည်နယ်နဲ့ ဗဟိုအစိုးရအကြား ဘာသာစကားပဋိပက္ခဟာ မီးလောင်ရာ လေပင့်ဖြစ်သွားခဲ့ပါတယ်။ ဗဟိုအစိုးရရဲ့ အိန္ဒိယကလေးတိုင်းပညာကြားခွင့်ရရေး အစီအစဉ်အောက်က တမီးလ်နာဒူးပြည်နယ်အတွက် ပညာရေးအထောက်အပံ့ငွေ ဒေါ်လာ ၂၃၂ သန်းကျော်ကို ဖြတ်တောက်မယ်လို့ ဒါမန်ဒရာပရာဒန်က ဆိုလိုက်တာပါ။
မိုဒီအစိုးရရဲ့ ပညာရေးမူဝါဒတွေဟာ သူတို့ပြည်နယ်မှာ ဟင်ဒီဘာသာစကားကို အတင်းသွတ်သွင်းဖို့အတွက် မျက်နှာဖုံးတစ်ခုပဲလို့ တမီးလ်နာဒူးပြည်နယ်အစိုးရကလည်း စွပ်စွဲပါတယ်။ မိုဒီအစိုးရဟာ တမီးလ်နာဒူးပြည်နယ်အတွက် ပညာရေးထောက်ပံ့ငွေ မပေးလိုဘူး။ ဒါကြောင့် ဘာသာစကားသုံးမျိုးစနစ်ကို တမီးလ်နာဒူးပြည်နယ်က လက်မခံတဲ့အပေါ် ရမယ်ရှာအပြစ်ပုံချနေတယ်လို့လည်း တမီးလ်နာဒူးပြည်နယ်ခေါင်းဆောင်တွေက စွပ်စွဲပါတယ်။
ပညာရေးထောက်ပံ့ကြေးလိုချင်တယ်ဆိုရင် တမီးလ်နာဒူးပြည်နယ်ဟာ အမျိုးသားပညာရေးမူဝါဒကို လက်ခံပြီး ဘာသာစကားသုံးမျိုသင်ကြားရေးစနစ်ကို ကျင့်သုံးရမယ်လို့ မိုဒီအစိုးရပြည်ထဲရေးဝန်ကြီး အမစ်ရှားကလည်း အခိုင်အမာ ပြောပါတယ်။
တမီးလ်နာဒူးပြည်နယ်ဝန်ကြီးချုပ် အမ်ကေစတာလင်ကလည်း အခုလိုပဲ တုံ့ပြန်လိုက်ပါတယ်။
“ဗဟိုအစိုးရက ရူပီးငွေကုဋေတစ်သောင်းပေးရင်တောင် အမျိုးသားပညာရေးမူဝါဒကို လက်မခံဘူး”
အမျိုးသားပညာရေးမူဝါဒမှာပါတဲ့ ဘာသာစကားသုံးမျိုး သင်ကြားရေးမူဝါဒဟာ ဟင်ဒီဘာသာစကားကို သူတို့ပြည်နယ်မှာ အတင်းသွတ်သွင်းဖို့ ရည်ရွယ်တာပဲလို့ အမ်ကေစတာလင်က စွပ်စွဲခဲ့ပါတယ်။
မိုဒီအစိုးရဘက်ကတော့ ဟင်ဒီမဟုတ်တဲ့ အခြားအိန္ဒိယတိုင်းရင်းဘာသာစကားတွေကိုလည်း အားပေးမြှင့်တယ်နေတယ်လို့ ဆိုပါတယ်။ ဗဟိုအစိုးရအုပ်ချုပ်ရေးရာထူးဝင်ခွင့် စာမေးပွဲတွေမှာ တမီးလ်အပါအဝင် ဒေသန္တရဘာသာစကားတွေကိုလည်း အသုံးပြုခွင့်ပေးထားတယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားက ထောက်ပြပါတယ်။ ဒါပေမဲ့ မိုဒီအစိုးရဟာ ဟင်ဒီဘာသာစကားကို နိုင်ငံအတွင်းမှာရော နိုင်ငံပြင်ပမှာပါ ပိုအားပေးမြှင့်တင်နေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။
မိုဒီအစိုးရရဲ့ မူဝါဒသစ်အားလုံးမှာ ဟင်ဒီနာမည်တွေ သုံးထားတယ်လို့ ဒေလီတက္ကသိုလ်က ဟင်ဒီဘာသာပါမောက္ခတစ်ဦးက ထောက်ပြပါတယ်။ နိုင်ငံပြင်ပမှာ ဟင်ဒီဘာသာစကား ပိုတွင်ကျယ်အောင် အားပေးမြှင့်တင်ဖို့အတွက် ဟင်ဒီဘာသာစကားသီးသန့်ဌာနတစ်ခု ဖွဲ့စည်းထားတယ်လို့ သူက ထောက်ပြပါတယ်။
ဟင်ဒီစကားမပြောတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်တွေမှာ ဟင်ဒီဘာသာသင်ကြားရေးဆရာ ဦးရေ ၂၂,၀၀၀ ခန့်အပ်သွားမယ်လို့ ၂၀၂၂ ခုနှစ်မှာ အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားက ကြေညာခဲ့ပါတယ်။
“ဘာသာစကားဟာ အာဏာကစားပွဲတစ်ခုပဲ။ ဘာသာစကားက အာဏာကစားပွဲ တစ်ခုဖြစ်လာပြီဆိုရင် ဘာသာစကားဟာ ပြောဆိုဆက်ဆံရေးကိစ္စသက်သက်မဟုတ်တော့ဘူး”
တောင်အာရှမှာ ဘာသာစကားတွေ မျိုးဆက်အလိုက် ဆင့်ကဲပြောင်းလဲလာပုံအကြောင်း စာအုပ်တွေ ရေးသားထုတ်ဝေထားတဲ့ ဘာသာဗေဒပညာရှင်တစ်ဦးက ဆိုပါတယ်။
“ရှင့်ရဲ့ ဘာသာစကားကို သွတ်သွင်းနိုင်တဲ့ အာဏာအကြောင်းကို ဆိုလိုတာပါ။ ရှင်က ဒီဘာသာစကားကို မပြောတတ်ဘူးဆိုရင် ရှင်က ကျွန်မထက် အာဏာပိုနိမ့်တယ်ဆိုတဲ့ သဘောပဲ။ အဲဒါ အာဏာကိစ္စပဲ။
မိုဒီအစိုးရဟာ ဘာသာစကားရဲ့ ဒီအာဏာသဘာဝအကြောင်းကို သဘောပေါက်နားလည်ထားတယ်လို့ ဒေလီတက္ကသိုလ်က ဘာသာဗေဒပညာရှင်တစ်ယောက်ကလည်း ဆိုပါတယ်။
မိုဒီအစိုးရဟာ အိန္ဒိယရဲ့ ရာစုနှစ်ပေါင်းများစွာ အစဉ်တဆက် ဖွံ့ဖြိုးစည်ပင်လာခဲ့တဲ့ ယဉ်ကျေးမှုစုံလင်ကွဲပြားမှုကို ဖယ်ရှားပြီး တစ်ခုတည်းသော ယဉ်ကျေးမှုလက္ခဏာကို ဖန်တီးဖို့အတွက် ဟင်ဒီဘာသာစကားကို လက်နက်အဖြစ် ရှုမြင်ထားတယ်လို့ ဒေလီတက္ကသိုလ်က ဟင်ဒီဘာသာ ပါမောက္ခတစ်ဦးကလည်း ဆိုပါတယ်။
တစ်ဖက်မှာ တမီးလ်ပြည်နယ်ခေါင်းဆောင်တွေရဲ့ လုပ်ပုံကိုင်ပုံကလည်း တမီးလ်ဘာသာစကား တွင်ကျယ်လာရေးကို အထောက်အကူပြုခဲ့တယ်လို့ မဆိုနိုင်ပါဘူး။ ၁၉၉၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း တမီးလ်နာဒူးပြည်နယ်မှာ တမီးလ်ဘာသာစကားသီးသန့်ပြောဆိုသုံးစွဲသူဦးရေဟာ ၈၄.၅ ရာခိုင်နှုန်းကနေ ၇၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ အင်္ဂလိပ်စကားပြောသူဦးရေကသာ တိုးပွားလာခဲ့ပါတယ်။
ဒါပေမဲ့ တမီးလ်နာဒူးပြည်နယ်ရဲ့ ဘာသာစကားတိုက်ပွဲဟာ ကန်နာတာကာပြည်နယ်က ကန်နာဒါဘာသာစကားအရေးတက်ကြွလှုပ်ရှားသူတွေအထိ ရိုက်ခတ်လာနေပါတယ်။ အနောက်ဘင်္ဂလားပြည်နယ်မှာလည်း ဟင်ဒီဘာသာစကားကို သင်ကြားခွင့်ပေးထားတဲ့ ပြည်နယ်အစိုးရကို ဘင်္ဂါလီဘာသာစကားအရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်လာကြပါတယ်။
ဘင်္ဂလားပြည်နယ်နဲ့ တမီးလ်နာဒူးပြည်နယ်တို့မှာ လွှတ်တော်ရွေးကောက်ပွဲကို လာမယ့် ၂၀၂၆ ခုနှစ်မှာ ကျင်းပသွားဖို့ ရှိပါတယ်။ မိုဒီအစိုးရရဲ့ BJP ပါတီကလည်း ဒီပြည်နယ်တွေမှာ အနိုင်ရဖို့ လုံးပန်းနေပါတယ်။ ဒါကြောင့် လက်ရှိအိန္ဒိယရဲ့ ဘာသာစကားတိုက်ပွဲက မကြာမီ ပျောက်ကွယ်သွားဖို့ အလားအလာ မရှိပါဘူး။
ဖက်ဒရယ်ပညာရေးစနစ်ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အခရာကျပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် စစ်အာဏာရှင်တော်လှန်ရေး ခရီးကြမ်းကို မြန်မာပြည်သူတွေ ခက်ခက်ခဲခဲ ရုန်းကန်ချီတက်နေရတဲ့ မျက်မှောက်ကာလမှာ အင်မတန်အရေးပါတဲ့ မေးခွန်းတစ်ခုဟာ မြန်မာပြည်သူတွေအတွက် တိတ်တဆိတ် စောင့်ဆိုင်းလို့နေပါတယ်။
“အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမှာ ပညာရေးစနစ်က ဘယ်လိုရှိမလဲ” ဆိုတဲ့ မေးခွန်းပါပဲ။
မြန်မာနိုင်ငံမှာလည်း လူမျိုးစုံလင်သလို ဘာသာစကားစုံလင်လှတဲ့အတွက် ဖက်ဒရယ်ပညာရေးမှာ အကျပ်အတည်း ကြုံလာနိုင်ဖွယ်ရှိနေပါတယ်။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ထူထောင်ရာမှာ ဖက်ဒရယ်ပညာရေးစနစ်ကို ကျင့်သုံးသွားနိုင်ဖို့အတွက် မြန်မာပြည်သူတွေအဖို့ လေ့လာစရာတွေ၊ ပြုပြင်ပြောင်းလဲစရာတွေနဲ့ စိန်ခေါ်ချက်တွေလည်းများစွာ ရှိနေပါတယ်။
ဒါကြောင့် လက်ရှိအိန္ဒိယနိုင်ငံမှာ ကြုံတွေ့နေရတဲ့ တိုင်းရင်းသားဘာသာစကားသင်ကြားရေးဆိုင်ရာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား လွန်ဆွဲပွဲဟာလည်း အနာဂတ်မြန်မာပြည် ဖက်ဒရယ်ပညာရေး ခရီးအတွက် သင်ခန်းစာထုတ်နုတ် ဆင်ခြင်ယူစရာတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။
Ref: Al Jazeera, The Diplomat, BBC
ဈာန်ဟိန်း