သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ဝင်းဝနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်နေသဖြင့် ကားရာနှင့်ချီပိတ်မိနေကြောင်း ဒေသခံအချို့က ပြောသည်။
ယနေ့ ဧပြီလ ၁၈ ရက် နံနက် ၆ နာရီခန့်မှ ၉ နာရီခန့်အထိ တစ်ကြိမ်၊ နံနက် ၁၁ နာရီခွဲခန့်မှ နေ့လယ် ၁၂ နာရီကျော်အထိ တစ်ကြိမ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ထားဝယ်-မြိတ် အတက်အဆင်းကားများ လမ်းတွင် ပိတ်မိနေကြောင်း ၎င်းတို့က ဆိုသည်။
“ပစ်တာကတော့ မနက် ကတည်းကပဲ။ တော်တော်များတယ်၊ လက်နက်ကြီးရော၊ လက်နက်ငယ်တွေရောပဲ။ ကားကြီး ကားငယ် အကုန်လုံး ပိတ်မိနေတယ်။ ကျွန်တော်တို့ရွာက လူတွေလည်း တစ်ယောက်မှ မရှိကြတော့ဘူး” ဟု ဝင်းဝနှင့် ရွာချင်းကပ်နေသည့် မင်းဒပ်ရွာက အမျိုးသားတစ်ဦးက ပြောဆိုသည်။
ဝင်းဝနယ်မြေရဲစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF တပ်ဖွဲ့များ၏ မကြာခဏ တိုက်ခိုက်လေ့ပြီး ယနေ့ တိုက်ခိုက်မှုအား မည်သည့်လက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်သည်ကိုမူ အတည်မပြုနိုင်သေးပေ။

မွန်းလွဲ ၃နာရီအထိ ကြိုကြား ကြိုကြား ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ပြီး တိုက်ပွဲဖြစ်နေသည့် ဝင်းဝနယ်မြေ ရဲစခန်းအနီးက သဲချောင်းသား၊ ဝင်းဝ၊ မင်းဒပ်၊ ဝဲရစ်စသည့် ကျေးရွာက ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံအချို့က ဆိုသည်။
“ဦးတို့ရွာကလူတွေ အကုန်ပြေးကုန်ပြီ။ ဦးတို့လည်း အထုတ်ထုပ်ပြီး အခြေအနေစောင့်ကြည့်နေတယ်။ အမေအိုတစ်ယောက်နဲ့ဆိုတော့ သူများတွေလို ပြေးဖို့မလွယ်ဘူး” ဟု ဝင်းဝရဲစခန်း အနီးဝန်းကျင်ရှိ ကျေးရွာတစ်ရွာက ဒေသခံ အမျိုးသားကြီးတစ်ဦးက ပြောသည်။
ထားဝယ်-မြိတ်သွား ကားလမ်းပေါ်က စစ်ကောင်စီတပ်၏ ဝင်းဝနယ်မြေရဲစခန်းတွင် စစ်ကောင်စီတပ်နှင့် ရဲ၊ ပျူစောထီးအဖွဲ့များ ပူးပေါင်းစခန်းချထားသည်။