ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က တကူနှင့် ပဝကျေးရွာအုပ်စုကို ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်

March 18, 2026

ပုံစာ - ပဝကျေးရွာအုပ်စု ပိန်းတောရွာကို တိုက်ခိုက်ခဲ့သည့် ကာမီကာဇေဒရုန်း

တနင်္သာရီမြို့နယ်၊တကူနှင့်ပဝကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

ယနေ့ (မတ် ၁၈) နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဇဝဲကျေးရွာ အခြေစိုက် စစ်အာဏာရှင်အမှတ် ၅၅၆ ခြေမြန်တပ်ရင်းမှ တကူကျေးရွာအုပ်စုရှိ အလယ်ပိုင်းရွာနှင့် ရွာမရွာကို ကာမီကာဇေဒရုန်း နှစ်စီးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

အလယ်ပိုင်းရွာတွင်ကျသည့် ဒရုန်းမှာပေါက်ကွဲသော်လည်း လူထိခိုက်မှုမရှိကြောင်းနှင့် ရွာမရွာတွင်ကျသည့် ဒရုန်းမှာ မပေါက်ကွဲကြောင်း ၄င်းက ဆိုသည်။

“ထိခိုက်မှုမရှိဘူး။ဒရုန်းတွေက ရက်ဆက်ဆိုသလို တက်နေတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။

ပဝကျေးရွာအုပ်စုကိုလည်း ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ကာမီကာဇေဒရုန်းတစ်စီးဖြင့် တိုက်ခိုက်ခဲ့ပြီး ပဝကျေးရွာအုပ်စုရှိ ပိန်းတောရွာမှ က‌လေးတစ်ဦး ပွန်းပဲ့ဒဏ်ရာရသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဒရုန်းက ပေါက်ကွဲပြီး ကလေးတစ်ယောက် ဒဏ်ရာရသွားတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိဘူး”ဟု အထက်ပါ ဒေသခံက ပြောသည်။

ကာမီကာဇေဒရုန်းဆိုသည်မှာ ဒရုန်းဖြင့်ဝင်တိုက်ခြင်းဖြင့် ပေါက်ကွဲစေသည့် အသေခံဒရုန်းအမျိုးစားဖြစ်သည်။

မတ်လ ၁၆ ရက်‌နေ့တွင် စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တကူရွာကို ကာမီကာဇေဒရုန်းနှစ်စီးဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း ‌ဒေသခံများထံမှ သိရသည်။

ပဝကျေးရွာနှင့်တကူကျေးရွာတို့သည် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့်နယ်မြေဖြစ်သည်။