ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီမြို့ကို စစ်ကူလာသည့် စစ်အာဏာရှင်တပ်ယာဥ်တန်း တိုက်ခိုက်ခံရ

March 18, 2026

မြိတ်မြို့မှ တနင်္သာရီမြို့သို့ စစ်ကူတက်လာသည့် စစ်အာဏာရှင်တပ်ယာဥ်တန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း ‌တော်လှန်ရေးတပ်နှင့်နီးစပ်သူအချို့ထံမှ သိရသည်။

ယနေ့ (မတ် ၁၈) နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် မြိတ်မှတက်လာသည့် စစ်အာဏာရှင်ကားနှစ်စီးကို ကမ်းတိုရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူက ဆိုသည်။

“မိုင်းဆွဲတိုက်ခိုက်ပြီး သေနတ်ငယ်တွေနဲ့ ပစ်ခတ်မှု ဖြစ်ခဲ့တယ်။မော်တုန်းရွာ အဖြတ်မှာ ခေါင်းတောင် မဖော်နိုင်ဘူး။ ထိတာများနိုင်တယ်”ဟု အထက်ပါ နီးစပ်သူက ပြောသည်။

ယနေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် တနင်္သာရီမှ မြိတ်သို့ ပြန်ဆင်းသည့် စစ်အာဏာရှင်တပ်၏ ကားသုံးစီးကိုလည်း ကမ်းတိုရွာအနီးတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“အထိခိုက်များတယ်။အဆင်းမှာက ပိုထိတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့နှင့်တနင်္သာရီပြည်သူ့ကာကွယ်‌ရေးအဖွဲ့ဇုန် ၃တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

မတ်လ ၁၃ ရက် နေ့လယ် ၁၂ နာရီတွင် မြိတ်မြို့မှ တနင်္သာရီမြို့သို့ တက်လာသည့် စစ်အာဏာရှင်တပ်ကား ၅ စီးကို ကမ်းတိုရွာတွင် တော်လှန်‌ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။