သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ရွာနှင့် အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က ယနေ့ (မတ် ၁၈) နေ့လယ်တွင် Y-12 လေယာဉ်၊ K8W တိုက်လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။
ယနေ့ မွန်းလွဲ ၁ နာရီမှ ၁ နာရီ မိနစ် ၅၀ အတွင်း ဂုံညှင်းဆိပ်ရွာ၊ ဆီတောရွာနှင့် ဆီဒတ်ရွာ ၃ ရွာကို Y-12 လေယာဉ်ဖြင့် ၁၂၀ မမ ဗုံးသီးအလုံးရေ ၇၆ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၃၃-၃၄ ၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်က ပြောသည်။
တစ်ချိန်တည်းမှာပင် နောက်ထပ် K8W တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ကလက်စတာဗုံးတစ်လုံးကို ဂုံညှင်းဆိပ်ရွာထဲသို့ ကြဲချတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်ပါ လှည့်ပတ်ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။
“Y-12 လေယာဉ်နဲ့ ဗုံးသီး ၇၆ လုံး လှည့်ပတ်ကြဲပြီးတဲ့အချိန်မှာ သရက်ချောင်းမြို့ဘက်ကနေ ဂုံညှင်းဆိပ်ကျေးရွာဘက်ကို အရေးပေါ်ကားသုံးစီး အလံဖြူတွေထောင်ပြီးတော့ ဆင်းလာတာရှိတယ်” ဟု ကိုမင်းထက်က ဆိုသည်။
ပြည်သူလူထု ထိခိုက်မှုရှိသည်ဟု ယူဆရသဖြင့် အလံဖြူထောင်ကာ ဆင်းလာသည့် အရေးပေါ်ကား သုံးစီးကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ခွင့်ပြုပေးခဲ့သည်ဟု ၎င်းက ဆိုသည်။
မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်ရှိ ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄)၊ တပ်မဟာ (၆) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြို့နယ်ပကဖအဖွဲ့ များက မတ်လ ၁၁ ရက်တွင် တိုက်ခိုက်သိမ်းယူထားသည်။
ဝင်းဝစခန်းမှ ဆုတ်ခွာထွက်ပြေးလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့် စစ်ကူစစ်ကြောင်းမှာ ဂုံညှင်းဆိပ်ရွာဝန်းကျင်တွင် ပိတ်မိနေပြီး တော်လှန်ရေးပူးပေါင်းတပ်နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းမှာ ပိတ်မိနေသည့် ဂုံညှင်းဆိပ်ရွာမှတစ်ဆင့် စစ်သင်္ဘောဆီသို့ ရေကြောင်းအတိုင်း လှေဖြင့်ဆုတ်ခွာထွက်ပြေးနိုင်ရန် လေကြောင်းပစ်ကူတောင်းနေခြင်းဖြစ်ကြောင်း၊ ယင်းကြောင့်ဂုံညှင်းဆိပ်ရွာနှင့် အနီးဝန်းကျင်ရွာများကို စစ်အာဏာရှင်တပ်က နေ့စဉ်နီးပါး ဗုံးကြဲနေခြင်းဖြစ်ကြောင်း ကိုမင်းထက်က ပြောသည်။
ဂုံညှင်းဆိပ်ရွာတွင် မတ်လ ၁၀ ရက်ကတည်းက နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး မတ်လ ၁၁ ရက်မှ ယနေ့ မတ်လ ၁၈ ရက်နေ့အထိ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်ခံနေရခြင်း ဖြစ်သည်။
နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှု၊ ရေတပ်စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ လူနေအိမ်နှင့် ဘာသာရေးအဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ရှိနေသည်။







