စစ်အုပ်စုလွှမ်းမိုးထားသော အမျိုးသားလွှတ်တော်ကို ယနေ့ (မတ် ၁၈) တွင်စတင်ခေါ်ယူလိုက်ပြီး စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်လင်းဒွေးကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်သည်။
ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးသည် အာဏာသိမ်းချိန်တွင် စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီဖွဲ့စည်းချိန်တွင် အတွင်းရေးမှူးအဖြစ်ရယူခဲ့ပြီး လက်ရှိတွင် စစ်ကော်မရှင်အဖွဲ့ဝင်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် စသည့်နေရာများ ယူထားသူဖြစ်သည်။
၎င်းသည် အတုအယောင်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း မဲဆန္ဒနယ် (၁၁) မှ အချိုးကျကိုယ်စားပြုစနစ်(PR) ဖြင့် စစ်တပ်ပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အမျိုးသားလွှတ်တော် ဒုက္ကဋ္ဌအဖြစ် ကြံ့ခိုင်ရေးပါတီမှ Jeng Phang နော်တောင် ကို ရွေးချယ်ခဲ့သည်။
Jeng Phang နော်တောင်သည် စစ်ကောင်စီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး၊ လက်ရှိ စစ်ကော်မရှင်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး စသည့် နေရာများကို ယူထားသူဖြစ်သည်။
မတ်လ ၁၆ ရက်က စစ်အုပ်စုမှ ခေါ်ယူခဲ့သည့် ပြည်သူ့လွှတ်တော်တွင်လည်း ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးခင်ရီကို ဥက္ကဋ္ဌ၊ ဦးမောင်မောင်အုန်းကို ဒုဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခဲ့သည်။ ၎င်းတို့ နှစ်ဦးစလုံးသည် စစ်ကောင်စီနှင့် လက်ရှိ စစ်ကော်မရှင်၏ အဖွဲ့များဖြစ်ကြသည်။
စစ်အုပ်စု လွှမ်းမိုးထားသည့် တနင်္သာရီတိုင်းလွှတ်တော်ကိုမူ ယခုလာမည့် မတ်လ ၂၀ ရက်နေ့တွင် ခေါ်ယူမည်ဟု ကြေညာထားသည် ။







