ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီမြို့တွင် တူးဖော်ရရှိသည့် ဘုရားဆင်းတုများနှင့် ဒင်္ဂါးပြားများ မြို့တွင် ပူဇော်ပြသထားမည်

March 18, 2026

ပုံစာ - မတ်လ ၈ ရက်က တနင်္သာရီမြို့တွင် တူးဖော်ရရှိသည့် ဘုရားနှင့် ဒင်္ဂါးများအား ဓမ္မာရုံတွင် ခင်းကျင်းပြသထားစဉ်။

တနင်္သာရီမြို့ ၊ ချောင်းကြီးရပ်ကွက် ၊ သာသနဝုဍ္ဎီပါလကျောင်းတိုက်အတွင်း တူးဖော်ရရှိသည့် ဘုရားဆင်းတုများနှင့် ဒင်္ဂါးပြားများကို ကျောင်းတိုက်တွင် ဆက်လက် ပူဇော်ပြသထားရှိမည်ဖြစ်ကြောင်း ကျောင်းတိုက်နှင့် နီးစပ်သူများ၊ မြို့ခံများထံမှ သိရသည်။

မတ်လ ၈ ရက်က ကျောင်းတိုက်ပရဝုဏ်အတွင်း ရေကန်တူးရန် မြေတူးရာမှ အနက် သုံးပေခန့်တူးဖော်ပြီးနောက် ကျောက်ဖျာ တစ်ချပ်အောက်တွင် စဥ့်အိုးတစ်လုံးဖြင့် ထည့်ထားသည့် ဘုရားဆင်းတုများနှင့် ဒင်္ဂါးပြားများကို တူးဖော်ရရှိခြင်းဖြစ်သည်။

အဆိုပါ စဥ့်အိုးထဲတွင် သစ်သားဘုရားဆင်းတုတော် တစ်ဆူ၊ ငွေထည်ဘုရား ၃၉ ဆူ ၊ သတ္တုစပ် လောဟာ (ကြေး၊ ရွှေ စသဖြင့် အရောအစပ်) ဘုရားဆင်းတု ၁၁ ဆူ စုစုပေါင်း ဘုရားဆင်းတု ၅၁ ဆူ နှင့် ခဲဒင်္ဂါးပြား ခုနစ် ချပ် ပါဝင်သည်။

ဘုရားဆင်းတုများတွင်မူ ပုံစံနှင့် အရွယ်အစား အမျိုးမျိုးပါဝင်ပြီး အမြင့်ဆုံးဆင်းတုသည် တစ်တောင် (၁၈လက်မခန့်) အမြင့်ရှိကြောင်း သွားရောက်လေ့လာ ဖူးမြော်ခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။

ခဲဒင်္ဂါးများတွင် နဂါးပုံပါဝင်ပြီး အရွယ်အစားသည့် နှစ်လက်မခွဲကျော်ရှိကြောင်း ၎င်းက ဆိုသည်။

တူးဖော်ရရှိသည့်နေရာသည် ရှေးစေတီဟောင်းကုန်းနေရာဖြစ်ပြီး ယခင်ဆရာတော်ကြီး ရှိစဥ်က မတူးဖော်ရန် သတ်မှတ် မိန့်ကြားခဲ့ဖူးသည့် နေရာများတွင် ပါဝင်ကြောင်း တကာများထံမှ သိရသည်။

တူးဖော်ရရှိသည့် ပစ္စည်းများ၏ ခေတ်၊ လက်ရာ၊ ဟန်များကို ခွဲခြားနိုင်ရန် ရှေးဟောင်းသုတေသနဦးစီးဌာနသို့ အကြောင်းကြားထားပြီး ကွင်းဆင်းလေ့လောရေးအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် နယ်မြေအနေအထား အခက်အခဲကြောင့် မလာရောက်နိုင်သေးကြောင်း မြို့ခံများထံမှ သိရသည်။

လက်ရှိတွင် ကျောင်းတိုက်၏ ဓမ္မာရုံ၌ပင် ဂေါပကလူကြီးများနှင့် မြို့ခံများ၏ အစောင့်အရှောက်ဖြင့် အများပြည်သူ ဖူးမျှော် ကြည့်ရှူနိုင်ရန် ခင်းကျင်းပြသထားကြောင်း တကာတစ်ဦးက ပြောဆိုသည်။

“အခုလက်ရှိက ဓမ္မာရုံမှာပဲ ပြထားတယ်။ ဆရာတော်က ဘောဇနဆောင် (ဆွမ်းစားကျောင်း) ဆောက်လက်စမှာ မှန်စေတီထဲမှာ ဌာပနာလုပ်ပြီး အများပြည်သူ လေ့လာနိုင်ဖို့ ပြသဖို့ စီစဥ်ဖို့ ဆန္ဒရှိတယ်။ မြိတ်က နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ကြီး တစ်ပါးကလည်း အဲဒီလိုလုပ်တာ သင့်တော်တယ်လို့ မိန့်ထားတယ်” ဟု ၎င်းက ပြောသည်။

၁၉၉၈ ခုနှစ်တွင်လည်း ချောင်းကြီးရပ်ကွက်ရှိ အထက်ပါကျောင်းဝင်းအတွင်း စေတီပျက်က ခဲဘုရား ၁၀ ဆူ၊ မြေမီးဖုတ် အုတ်ခွက်ဘုရား ငါးဆူ၊ ဆင်းတုငယ်ပုံပါရှိသည့် ရွှေပြားတစ်ပြား၊ ဘုရာဦးခေါင်းတော်ငါးခု၊ ကြေးရုပ်ပွားတော်လေးဆူနှင့် စဉ့်သုတ်မြေအိုးခြောက်လုံးကို တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာန၏ မှတ်တမ်းများအရသိရသည်။