ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့တွင် စက်သုံးဆီပြတ်သဖြင့် တစ်လီတာဝယ်ခွင့်ရရန် နာရီနှင့်ချီတန်းစီရ

March 18, 2026

ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ယခုရက်ပိုင်းအတွင် ဆီပြတ်လတ်သောကြောင့် နာရီနှင့်ချီ တန်းစီဝယ်ယူနေရပြီး ဆိုင်ကယ်ဆိုလျှင် တစ်လီတာသာ ဝယ်ယူခွင့်ရကြောင်း ဆီတန်းစီဝယ်ယူသည့် မြို့ခံများနှင့် ခရီးသားပြည်သူများက ပြောသည်။

ထာဝယ်မြို့ရှိ စက်သုံးဆီ ခွဲတမ်းရရှိသည့် ဆီဆိုင်အချို့တွင် မတ်လ ၁၆ ရက်ကစပြီး ဆီပြတ်လပ်သောကြောင့် လက်ကျန်ဆီ ရောင်းချနေသည့် ဆီဆိုင်အချို့တွင် တိုးကျိတ်ဝယ်ယူနေရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“အခုက စုံမ ကလည်း သတ်မှတ်ထားတော့ လမ်းပေါ် ဆိုင်ကယ်ကားတွေ နည်းလာတယ်။ ကြည့်လိုက်ရင် ဆီဆိုင်တွေမှာပဲ လူတွေ အများကြီးတန်းနေတာတွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

ရွှေဝယ်သီရိအားကားစားကွင်းအနီးရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင်မူ မတ်လ ၁၇ ရက်က စက်သုံးဆီ လာရောက်ဝယ်ယူ သည့် ကား၊ ဆိုင်ကယ်များ စီတန်းထားသည်မှာ သုံးဖာလုံခန့်ရှိကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ဆီဆိုင်ကနေ တန်းလိုက်တဲ့ ကား၊ ဆိုင်ကယ်တန်းဟာ မျှော်အင်းကန်နားအထိတောင် ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

ယနေ့ မတ်လ ၁၈ရက်တွင်လည်း ထားဝယ်မြို့ရှိ စက်သုံးဆီ ဆိုင်အချို့တွင် ခွဲတမ်းဆီ ပြတ်လတ်နေဆဲဖြစ်ကြောင်း ထားဝယ်မြို့ရှိ စက်သုံးဆီဖြန့်ဖြူး ရောင်းချသူအသိုင်းဝိုင်းထံမှ စုံစမ်းသိရသည်။

ဆိုင်အချို့တွင် ငါးရက်စာလောက် ကျန်တော့ကြောင်း စုံစမ်းသိရသည်။

စျေးကွက်သို့ ဝင်ရောက်သည့် ဆီပမာဏနှင့် ရောင်းချနေရသည့် ဆီပမာဏ မျှတမှု မရှိခြင်းကြောင့် ဆီပြတ်ခြင်း ဖြစ်ကြောင်း ထားဝယ်မြို့ရှိ စက်သုံးဆီ ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ဆီကား မလာခင် ဆီကကုန်သွားလို့ ဆီပြတ်ရတာ” ဟု ၎င်းက ပြောသည်။

ထားဝယ်မြို့တွင် စက်သုံးလက်ရှိ စက်သုံး ဆီဖြန့်ဖြူးရောင်းချနေသည့် ဆီဆိုင်ကြီးများ ငါးဆိုင်ထက်မနည်းရှိသည်။

ယင်းအနက် တစ်ဆိုင်မှာ ဆီလက်ကျန် နည်းနေသည်ဆိုပြီး နေ့တစ်ဝက်သာ ရောင်းချတော့ကြောင်း မြို့ခံများထံမှ သိရသည်။

ဆီဆိုင် နှစ်ဆိုင်မှာမူ ပုံမှန်အတိုင်းရောင်းချပေးနေပြီး အဆိုပါနှစ်ဆိုင်တွင် လူတန်းရှည်ဖြင့် တိုးဝှေ့ဝယ်ယူနေကြကြောင်း မြို့ခံများက ဆိုသည်။

နှစ်နာရီခန့်ကြာ တန်းစီစောင့်ဆိုင်း ဝယ်ယူကြရပြီး ဆိုင်ကယ်ဆိုလျှင် တစ်လီတာသာ ဝယ်ခွင့်ရကာ ကားဆိုလျှင် သုံးသောင်းကျပ်ဖိုး ဝယ်ယူခွင့်ရကြောင်း ၎င်းတို့က ပြောသည်။

ယင်းသို့ နာရီနှင့်ချီ တန်းစီဝယ်ယူကြရသဖြင့် စောင့်ဆိုင်းရန် အဆင်မပြေသူများမှာ ပြင်ပတွင် စျေးကြီးပေးကာ ဝယ်ယူနေရကြောင်း မြို့ခံများထံမှ သိရသည်။

ခွဲတမ်းရောင်းချသည့် ဆီဆိုင်တစ်ဆိုင်မှာမူ ခွဲတန်းရသည့် ဆီကုန်သွားသဖြင့် ဆီဘောမှ ဝယ်ယူရောင်းချနေရသည်ဆိုပြီး စက်သုံးဆီ တစ်လီတာလျှင် ၄၅၀၀ကျပ်မှ ကျပ် ၅၀၀၀အထိ ယနေ့ စျေးတင် ရောင်းချနေကြောင်း မြို့ခံအချို့က ပြောဆိုသည်။

ယနေ့ ထားဝယ်မြို့ရှိ စက်သုံးဆီ ရည်ညွန်းစျေးမှာ 92 ဓာတ်ဆီ တစ်လီတာလျှင် ၂၉၆၅ ကျပ်သာရှိပြီး ယနေ့ ရည်ညွန်းစျေးထက် ပြင်ပပေါက်စျေးမှာ ကျပ် ၁၅၀၀မှ ကျပ် ၂၅၀၀ အထိ စျေးမြင့် တက်လျက်ရှိသည်။

ခွဲတမ်းဆီရောင်းချသည့် ကျန်တစ်ဆိုင်တွင်မူ ဆီပုံမှန် မရသဖြင့် တန်းဆီးဝယ်ယူသူ နည်းကြောင်း မြို့ခံအချို့က ပြောသည်။