ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချွန်ဘူရီတွင် လမ်းဘေးစွန့်ပစ်ထားသော မွေးကင်းစကလေးငယ်ကို မြန်မာအမျိုးသမီးက ကယ်တင်

March 18, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင် လမ်းဘေးရှိ အမှိုက်ပုံးဘေးတွင် စွန့်ပစ်ထားသော မွေးကင်းစကလေးငယ်ကို မြန်မာအမျိုးသမီးတစ်ဦးက တွေ့ရှိပြီး ကယ်တင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မတ်လ ၁၇ ရက် နံနက် ၁၀ နာရီခွဲက ချွန်ဘူရီခရိုင် ကော့ကျန်းဒေသ အမှတ် ၃၃၁ အဝေးပြေးလမ်းမကြီးဘေး အမှိုက်ပုံဘေးတွင် မွေးကင်းစကလေးငယ်တစ်ဦး စွန့်ပစ်ထားသည်ကို ဆိုင်ကယ်စီးလာသော မြန်မာအမျိုးသမီးတစ်ဦးက တွေ့ရှိခြင်းဖြစ်သည်။

ကလေးငယ်သည် တစ်ရက် သို့မဟုတ် နှစ်ရက်သားအရွယ်ဖြစ်ပြီး ပလပ်စတစ်အိတ်အနက်ရောင်ဖြင့် ထုပ်ထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။

မြန်မာအမျိုးသမီးသည် ကလေးငယ်ကို အခန်းသို့ ခေါ်ယူလာခဲ့ပြီး ကနဦးတွင် ပြုစုစောင့်ရှောက်ပေးရန် စဉ်းစားခဲ့သော်လည်း မတတ်နိုင်ကြောင်း ဆိုသည်။

ထို့ကြောင့် မူလနေရာတွင် ပြန်သွားထားရန် စဉ်းစားနေစဉ် အဆောင်ပိုင်ရှင်က တွေ့၍ ရဲတပ်ဖွဲ့ထံ တိုင်ကြားပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကျန်းမာရေးအဖွဲ့က စစ်ဆေးရာ ကလေးငယ်သည် ကျန်းမာရေးကောင်းမွန်ပြီး နောက်ထပ်ပြုစုကုသမှုများ ဆောင်ရွက်ရန် ကော့ကျန်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးက ကလေးငယ်ကို ပြုစုစောင့်ရှောက်ရန် မတတ်နိုင်သဖြင့် လမ်းဘေးတွင် စွန့်ပစ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။

လက်ရှိတွင် ကလေးစွန့်ပစ်မှုနှင့် ပက်သက်၍ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးကာ မိဘများကို ဥပဒေအရ ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: CH 7, Bright TV, Chonburi News