ပြည်နှင်ဒဏ်ပေးခြင်း ၊ ခိုလှုံခွင့်တောင်းခံခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းများကို ပိုမိုတင်းကျပ်မည့် ဥပဒေကြမ်းတစ်ရပ်ကို နယူးဇီလန်အစိုးရက ယနေ့ မတ်လ ၁၈ ရက်တွင် လွှတ်တော်သို့ တင်သွင်းမည် ဖြစ်သည်။
ယင်းဥပဒေကြမ်းသည် ကြီးလေးသည့် ပြစ်မှုကျူးလွန်မှု၊ ရွှေ့ပြောင်းလုပ်သားများအပေါ် ခေါင်းပုံဖြတ်မှုနှင့် မရိုးမသား ခိုလှုံခွင့်တောင်းခံမှုများကို ဖြေရှင်းရန် ရည်ရွယ်ကြောင်း နယူးဇီလန်အစိုးရက ဆိုသည်။
ယင်းဥပဒေကြမ်းသည် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိန်ခေါ်မှုများကို စီမံခန့်ခွဲရာတွင် အာဏာပိုင်များအတွက် မျှတဆီလျော် သည့် လုပ်ပိုင်ခွင့်များ ရရှိစေမည်ဖြစ်ကြောင်း နယူးဇီလန်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး အဲရီကာစတန်းဖို့ဒ်က ပြောသည်။
ယင်းအပြင် နယူးဇီလန် လူဝင်မှုကြီးကြပ်ရေးစနစ်တစ်ခုလုံးကို မျှတထိရောက်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
နယူးဇီလန်တွင် နေထိုင်ခွင့်ရရှိထားသူတစ်ဦးသည် ကြီးလေးသည့် ပြစ်မှုကျူးလွန်ပါက ပြည်နှင်ဒဏ်ပေးခံရနိုင်သည့် သတ်မှတ်ကာလကို ၁၀ နှစ်မှ အနှစ် ၂၀ အထိ အဆိုပါ ဥပဒေကြမ်းတွင် တိုးမြှင့်ထားသည်။

ရွှေ့ပြောင်းလုပ်သားများအပေါ် ခေါင်းပုံဖြတ်မှုအတွက် အမြင့်ဆုံးထောင်ဒဏ်ကို ခုနစ်နှစ်မှ ၁၀ နှစ်အထိ တိုးမြှင့်ထားသည်။
လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်အတွင်း မှားယွင်းသည့် အချက်အလက်များ ဖြည့်သွင်းပါက အာဏာပိုင်များက အရေးယူနိုင်သည့် လုပ်ပိုင်ခွင့်ကိုလည်း တိုးမြှင့်ထားသည်။
အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်တွင် သုံးကြိမ်တိုင်တိုင် ဖတ်ကြားအတည်ပြုရမည် ဖြစ်သော်လည်း လက်ရှိအစိုးရသည် လွှတ်တော်တွင် အမတ်ဦးရေ အများစုရရှိထားသောကြောင့် အတည်ပြုနိုင်ရန် အလားအလာ များနေသည်။
ယင်းဥပဒေကြမ်းသည် လူဝင်မှုကြီးကြပ်ရေးစနစ်ကို အလွဲသုံးစားလုပ်မှုအား တားဆီးရန်၊ ရာဇဝတ်မှုကျူးလွန်သည့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးရန်၊ ဒုက္ခသည်များအား အကာအကွယ်ပေးရေးအပေါ် နိုင်ငံသားများ၏ ထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းထားရန် ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများက လူဝင်မှုကြီးကြပ်ရေးနှင့် ခိုလှုံခွင့်ပေးသည့်စနစ်ကို ပိုမိုအားကောင်းအောင် ဆောင်ရွက်လာမှုကို ထင်ဟပ်စေမည်ဖြစ်သည်။
Source: Reuters







