ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်-ကျွန်းစုသွား အမြန်ရေယာဉ်ပေါ် လူငယ် ၃၀ခန့်ကို စစ်အာဏာရှင်တပ်ဖမ်းဆီးပြီး ကျပ်သိန်းဆယ်ချီဖြင့်ပြန်ရွေးခိုင်း

March 18, 2026

ဓာတ်ပုံ - Dawei Watch

မြိတ်မြို့မှ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ကျေးရွာများကို ပြေးဆွဲနေသည့် ခရီးသည်တင်အမြန်ရေယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသား ၃၀ ဦးခန့်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ပြီး တစ်ဦးစီအတွက် ကျပ်သိန်းဆယ်ချီ တောင်းခံနေကြောင်း ကာယကံရှင်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

မတ်လ ၁၆ ရက်တွင် ကျွန်းစုဘက်မှ မြိတ်မြို့သို့လာသည့် ခရီးသည်တင် ၉၉၉ အမြန်ရေယာဥ်သည် မြိတ်မြို့ ရွှေသာလျောင်းအနီးရှိ စစ်သင်္ဘောတွင် လက်မှတ်ဝင်ထိုးစဥ် ယင်းကဲ့သို့ ဖမ်းဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။

“ဖမ်းခေါ်သွားတဲ့ အရေအတွက်က တော်တော်များတယ်။ ကံမော်ရွာခံရော၊ မြိတ်က သားငယ် (လူငယ်) တွေရော ပါတယ်။ မိသားစု‌ဝင်တွေလိုက် စုံစမ်းတာတော့ ငွေပေးရင် ပြန်လွှတ်ပေးမယ့် အခြေအနေရှိနေတယ်။အဆင်မပြေတဲ့ မိသားစုတွေလည်း ရှိတော့ ဘယ်လိုဆက်ဖြစ်မယ် မသိရသေးဘူး” ဟု ကျွန်းစုမြို့နယ်၊ ကံမော်ရွာခံတစ်ဦးက ပြောသည်။

အဆိုပါအမြန်ရေယာဥ်တွင် ကျွန်းစုမြို့နယ် ကမ်းတော၊ ဝဲကျွန်း၊ချောင်းကဖီး၊စခန်းသစ် စသည့်ပင်လယ်ရွာများက ခရီးသည်များ လိုက်ပါလာပြီး အသက် ၂၀နှင့် ၃၀နှစ်ဝန်းကျင် လူငယ်အများစုကို ဖမ်းဆီးခဲ့ကြောင်း ကာယကံရှင်များနှင့် နီးစပ်သည့် မြိတ်မြို့ခံတစ်ဦးက ပြောဆိုသည်။

“လူနာတွေလည်းပါလာတယ်။ သူတို့လည်း ဆွဲချ (ဖမ်းခေါ်) ထားခဲ့တယ်။ ပထမ ၁၅ယောက် ဆွဲချတယ်။ ပြီးမှ ကျန်သူတွေကို ဆွဲချတယ်” ဟု ၎င်းက ပြောသည်။

အဖမ်းခံရသည့် လူငယ်များကို ကျွန်းစုမြို့မရဲစခန်းသို့ ခေါ်ဆောင်သွားပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၆၀ ဝန်းကျင်ဖြင့် ပြန်လည်ထုတ်ယူခိုင်းကြောင်း ကျွန်းစုဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် အဖမ်းခံရသူဦးရေ မည်မျှပြန်လွတ်ပြီး ငွေကြေးပမာဏမည်မျှပေးခဲ့ရသည်ဆိုသည့်အကြောင်းကို အသေးစိတ် မသိရသေးပေ။

စစ်အာဏာရှင်တပ်သည် မြိတ်မြို့နယ်အတွင်းရှိ လူငယ်များကိုလည်း စစ်မှုထမ်းအတွက် ဖမ်းဆီးမှုများ မကြာခဏ လုပ်ဆောင်နေကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။