ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အာဏာသိမ်းပြီးနောက်ပိုင်း ကွန်ဒုံးဈေးနှုန်း ခြောက်ဆမြင့်တက်

March 18, 2025

စစ်အာဏာသိမ်းပြီးနောက်‌ပိုင်း ကွန်ဒုံးဈေးနှုန်းမှာ ခြောက်ဆအထိ မြင့်တက်လာကြောင်း ဆေးဆိုင်များထံမှ သိရသည်။

ဈေးပေါပြီး သုံးစွဲသူများသည့် ကွန်ဒုံးသုံးခုပါ APhaw (အဖော်) အမှတ်တံဆိပ် ကွန်ဒုံးတစ်ဘူးလျှင် အာဏာမသိမ်းမီက ၂၅၀ ကျပ် ဝန်းကျင်သာရှိရာက လက်ရှိအချိန်တွင် ၁၅၀၀ ကျပ်အထိ ဈေးမြောက်လာကြောင်း ဆေးဆိုင်များထံမှ သိရသည်။

အခြားအမှတ်တံဆိပ်များဖြစ်သည့် One Touch Mixx 3 Plus ၊ Number One စသည်တို့မှာလည်း တစ်ဘူးလျှင် ကျပ်တစ်ထောင် ဝန်းကျင်အထိ ဈေးတက်လာကြောင်း ဆေးဆိုင်ပိုင်ရှင်များက ပြောသည်။

လက်ရှိတွင် One Touch Mixx 3 Plus အမှတ်တံဆိပ် တစ်ဘူး (သုံးခုပါ) လျှင် ၄၅၀၀ ကျပ်နှင့် Number One အမှတ်တံဆိပ် တစ်ဘူးလျှင် ကျပ် ၄၀၀၀ ဝန်းကျင် ဈေးပေါက်နေသည်။

“ကုမ္ပဏီက ဖြန့်ချိတဲ့ဈေးကို တက်တာ။ သုံးတာကတော့ ပိုသုံးလာကြတယ်။ အရင်ကထက်တော့ ပိုအသုံးပြုလာ ကြတယ်” ဟု မြိတ်မြို့ရှိ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

APhaw အမှတ်တံဆိပ် ကွန်ဒုံးမှာ ၂၀၂၁ ခုနှစ်က တစ်ဘူးလျှင် ၂၅၀ ကျပ်ဖြင့် ရောင်းချနေရာမှ ၂၀၂၄ နှစ် အစောပိုင်းတွင် ၈၀၀ကျပ်ဖြစ်လာပြီး ယခုနှစ်တွင် ၁၅၀၀ ကျပ် ဝန်းကျင်အထိ ဈေးမြောက်လာကြောင်း ဆေးဆိုင်များထံမှ သိရသည်။

ကျပ်ငွေတန်ဖိုးကျဆင်းခြင်း၊ တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် သယ်ယူပို့ဆောင်ရေးခက်ခဲခြင်း၊ အထွေထွေကုန်ဈေးနှုန်း တက်ခြင်း အစရှိသည့် အကြောင်းအရင်းများကြောင့် ကွန်ဒုံးဈေးလည်း တက်လာခြင်းဖြစ်နိုင်ကြောင်း မြိတ်မြို့ရှိ ဆေးဆိုင်ပိုင်ရှင်အချို့က ပြောဆိုသည်။

ဆေးဆိုင်ပိုင်ရှင်အချို့၏အဆိုအရ ကွန်ဒုံးဈေးတက်လာသော်လည်း ရောင်းအားကျသွားခြင်းမရှိကြောင်း သိရသည်။

“ရောင်းအားကတော့ ကျသွားတာမျိုးတော့မရှိဘူး။ အမျိုးအစားအသစ်တွေလည်း ရောင်းရသလို ပုံမှန်အမျိုးအစားတွေ ထဲကလည်း ရောင်းအား မလျော့သွားဘူးဆိုတော့ အသုံးပြုတာ ပိုများလာတယ်လို့ဆိုရမယ်” ဟု မြိတ်မြို့ရှိ ဆေးဆိုင်ပိုင်ရှင် အမျိုးသား အခြားတစ်ဦးက ပြောသည်။

လိင်ဆက်ဆံချိန် ကွန်ဒုံးအသုံးမပြုပါက ကာလသားရောဂါ၊ HIV ရောဂါအပါအဝင် လိင်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါများ ကူးစက်နိုင်သလို မလိုအပ်ဘဲ ကိုယ်ဝန်ရခြင်းလည်း ဖြစ်နိုင်သည်။

“ကွန်ဒုံးဈေးတက်တာက သားဆက်ခြားကျန်းမာရေးအပါအဝင် လိင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး အနည်းအများ ဆိုးကျိုးတွေရှိလာနိုင်တယ်” ဟု CDM ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။

သို့ရာတွင် နေရာအနှံ့ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် လိင်မှတစ်ဆင့်ကူးစစ်တတ်သည့် ရောဂါများနှင့် ပတ်သက်၍ တိကျသေချာသည့် စာရင်းဇယားများ မတွေ့ရသေးပေ။