ထားဝယ် နည်းပညာတက္ကသိုလ်တိုက်ပွဲတွင် ခရီးသွားလူငယ်တစ်ဦး ကျည်ဆန်ထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ထားဝယ်နည်းပညာတက္ကသိုလ်ရှိ စစ်အာဏာရှင်တပ်ဖွဲ့နှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းနှင့် ထားဝယ် ပကဖ (DGRF) တပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၁၆ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ရေဖြူမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားသုံးဦး အတူစီးနင်းလာစဉ် ဘုရားမဲဂိတ်အနီးသို့ ရောက်ရှိချိန်တွင် တိုက်ပွဲစတင်ဖြစ်ပွားရာ နောက်ဆုံးတွင် လိုက်ပါလာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး ကျည်ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သူက ဘောလုံး (ထိုင်းမှာ အလုပ်သွားလုပ်မယ့်သူ) ။ ရေဝိုင်းလမ်းကနေ အရှေ့တောဘက်ပို့ဖို့ ပွဲစားခေါ်လာတဲ့အချိန် ထိသွားတာ” ဟု ၎င်းက ဆိုသည်။
ကျည်ဆန်မှာ နောက်ကျောမှ ဖောက်ဝင်ပြီး နံကိုင်းသို့ ဖောက်ထွက်သွား၍ သွေးထွက်လွန်ကာ စိုးရိမ်ရသည့်ခြေအနေကြောင့် လက်ရှိ ထားဝယ်ဆေးရုံကြီးသို့တင်ပို့ပြီး ဆေးသုသမှု ခံယူနေရကြောင်း ကူညီဆောင်ရွက်ပေးခဲ့ကြသူများထံမှ စုံစမ်းသိရ သည်။
ဒူရကစစ်ကြောင်း စစ်ဆင်ရေးတာဝန်ရှိသူတစ်ဦးကမူ တိုက်ပွဲဖြစ်ပွားနေချိန်တွင် အဆိုပါ ဆိုင်ကယ်ရောက်ရှိလာကြောင်း ပြောဆိုသည်။
ကျည်ထိမှန် ဒဏ်ရာရသူမှာ ဘုရားမဲ စစ်ဆေးရေးဂိတ်၏ အရှေ့တည့်တည့်တွင် ရှိနေသဖြင့် သွားရောက်ကယ်ဆယ်ရန် အဆင်မပြေခဲ့ကြောင်း ၎င်းက ဆိုသည်။
မောင်မယ်ရှောင်ရွာအနီးရှိ ထားဝယ်နည်းပညာတက္ကသိုလ်နှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တိုက်ပွဲတွင် တော်လှန်ရေးတပ်တို့ ဘက်က စစ်သုံးပန်း တစ်ဆယ်ကျော်နှင့် လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က ၁၉ ဦး သေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားသည်။
အပြန်အလှန်ပစ်ခတ်မှု လေးနာရီ ကြာမြင့်ခဲ့ကာ ထားဝယ်နည်းပညာတက္ကသိုလ်ကို ယာယီသိမ်းဆည်းရမိခဲ့ပြီး ဘုရားမဲဂိတ်ကို သိမ်းဆည်းရခါနီးတွင် စစ်အာဏာရှင်တပ် စစ်ကူစစ်ကြောင်းရောက်ရှိလာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်အာဏာရှင်တပ် အင်အားတစ်ရာဝန်းကျင်သည် ထားဝယ်နည်းပညာတက္ကသိုလ်နှင့် ဘုရားမဲ စစ်ဆေးရေးဂိတ်တို့တွင် ပြန်လည်တပ်စွဲလိုက်ပြီး ဒေသခံခရီးသွားများကို အစစ်အဆေး တင်းကျပ်လျက်ရှိကြောင်း ဒေသခံ ခရီးသွားတစ်ဦးက ပြောဆိုသည်။
“မနေ့က ကျွန်တော်မြို့သွားတော့ မောင်မယ်ရှောင်မှာ အယောက် နှစ်ဆယ်လောက်နဲ့ GTC ရှေ့မှာ လမ်းဘယ်ညာ ဆယ့်ငါးယောက်လောက် ထွက်စစ်နေတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်ပြီးနောက် ဖေဖော်ဝါရီလ ၁၆ရက် ညနေပိုင်းကစပြီး ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့သည့် မောင်မယ်ရှောင် ကျေးရွာနှင့် ဇီးကျရွာကြား ကားလမ်းမကြီး၏ အရှေ့ဘက်တောကြောင်းအတိုင်း စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။







