ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလော၊ သင်္ကန်းတောရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ

February 18, 2026

ပုလောမြို့နယ်၊ ပလမြို့၊ သင်္ကန်းတောရွာတွင် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်‌ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ကြောင်း ဒေသခံများနှင့်‌ တော်လှန်ရေးတပ်များထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၈ရက် ၁၀နာရီဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ညနေ ၃နာရီခွဲတွင် စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သင်္ကန်းတောကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး ပွိုင့်ဖိုက်နဲ့ပါ ပစ်သွားတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု အထက်ပါဒေသခံက ပြောသည်။

တိုက်ပွဲမှာ ညနေ ၄ နာရီဝန်းကျင်အထိဖြစ်ပွားကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

စစ်အာဏာရှင်တပ်က ဗုံးတစ်ကြိမ်ကြဲပြီး ပြန်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။

ပလမြို့ဝန်းကျင်နှင့် မင်းပြင်ရွာတို့ဘက်သို့ စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုးပါက သင်္ကန်းတောရွာတွင် အင်အားစုပြီးမှ စစ်ကြောင်းထိုးလေ့ရှိကြောင်း ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်ဖွဲ့သည် သင်္ကန်းတောရွာသို့ မကြာခဏ ဝင်ထွက်လေ့ရှိပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်အာဏာရှင်တပ် ရွာထဲတွင် ရှိနေချိန်ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

သင်္ကန်တောရွာသားများသည် ၂၀၂၂ ခုနှစ်ကတည်းက စစ်ရှောင်နေရပြီး နောက်ပိုင်းတွင် ရွာအနီးနားရှိ လယ်ကွင်းများတွင် တဲတိုး၍ နေကြကြောင်း ဒေသခံများထံမှ သိရသည်။

သို့သော် ရွေးကောက်ပွဲမကျင်းမီ ဇန်နဝါရီလအစပိုင်းတွင် စစ်အာဏာရှင်တပ်သားများသည် ဒေသခံများ ရိတ်သိမ်းထားသည့် စပါးကောက်လိုင်းများကို မီးရှို့သဖြင့် ထပ်မံပြောင်းရွေ့ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။