ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် တရားမဝင် ဝင်လာသော မြန်မာ ၂၆ ဦး ဖမ်းဆီးခံရ

February 18, 2026

ထိုင်းနိုင်ငံ၊ ဖိကျစ်ခရိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် ကားများဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၂၆ ဦးကို ကားသမားသုံးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းတွင် ဖိကျစ်ခရိုင် အမြန်လမ်းမကြီးပေါ်တွင် အိမ်စီးကား၊ ဗန်ကားနှင့် ပစ်ကပ်ကားများဖြင့် မြန်မာနိုင်ငံသားများကို တရားမဝင် ပို့ဆောင်နေကြောင်း သတင်းရရှိသဖြင့် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ပူးပေါင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းအချိန် ကားသုံးစီးသည် ပုံမှန်ထက် ပိုအလေးချိန်ရှိနေပြီး မသင်္ကာစရာ အရှိန်ဖြင့် မောင်းနှင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကားများပေါ်တွင် မြန်မာနိုင်ငံသား ၂၆ ဦးကို တွေ့ရပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရဟုဆိုသည်။

ကားသုံးစီးအနက် ရှေ့ပြေးဖြစ်သော အိမ်စီးကားကို မြန်မာနိုင်ငံသားတစ်ဦးက မောင်းနှင်လာခြင်းဖြစ်ပြီး နောက်ထပ် ထိုင်းကားသမားနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

မြန်မာနိုင်ငံသားများသည် တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှတစ်ဆင့် ဝင်လာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံထဲ အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားကို ဘတ် ၈၅၀၀ ပေး၍ ဝင်လာခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။

ကားသမားကလည်း မြန်မာနိုင်ငံသားများကို ချင်းမိုင်မှတစ်ဆင့် ခေါ်ယူ၍ ပို့ဆောင်ပေးခြင်းဖြစ်ပြီး ယခုကဲ့သို့ ၅ ကြိမ်ခန့်အထိ ပို့ဆောင်ပေးခဲ့ဖူးပြီးဖြစ်ကြောင်း ဝန်ခံချက်ကို ဖော်ပြသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူအားလုံးကို ဖိကျစ်ခရိုင်ရှိ ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Kanchanaburi News, FM 91, အမြန်လမ်း ရဲတပ်ဖွဲ့