သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ မင်းဒပ်ရွာနှင့် ပင်လယ်ကမ်းခြေရွာဖြစ်သည့် ကနက်သီကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။
ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်အာဏာရှင်တပ်က ကနက်သီရိကျေးရွာကို လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။
“လူထိခိုက်တာတော့ မရှိဘူး။ အိမ်နှစ်လုံးတော့ ထိခိုက်ပျက်စီးတယ်။ ဘာကြောင့် လာကြဲလဲဆိုတာလဲ မသိဘူး၊ ဒီဘက်မှာ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး” ဟု အထက်ပါ ဒေသခံက ဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၈ရက် နံနက် ၁၀ နာရီခန့်တွင်လည်း မင်းဒပ်ရွာကို လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ကြောင်း ဒေသခံ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောဆိုသည်။
“အခုပဲ ဗုံးနှစ်လုံး လာကြဲချသွားတယ်။ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ တော်လှန်ရေးတပ်ဘက်က ဝင်းဝစခန်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်နေတာတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။
ကနက်သီရိ ပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားသည့် စစ်သင်္ဘောကလည်း သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။
သရက်ချောင်းမြို့နယ်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးမှု၊ နှစ်ဖက်ပစ်ခတ်မှုများကြောင့် ကျေးရွာ ၁၀ ကျော်က ဒေသခံများ အိုးအိမ်စွန့်ခွာစစ်ဘေးရှောင်နေရပြီး ဖေဖော်ဝါရီလ ၈ ရက်ကတည်းက မြိတ်-ထားဝယ်ကားလမ်း ပိတ်ထားသည်။
မြိတ်-ထားဝယ်ကားလမ်းတစ်လျှောက်တွင် နှစ်ဖက်စစ်ရေးတင်းမာနေပြီး စစ်အာဏာရှင်တပ်ကလည်း သရက်ချောင်းမြို့နယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းတစ်လျှောက်ကို အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေသည်ဟု စုံစမ်းသိရှိရသည်။
ဖေဖော်ဝါရီလ ၁၅ ရက် ညတွင် ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးဘုရားအနီးက စစ်အာဏာရှင်တပ်၏ ရွှေဂူတောင်တံတား စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။







