ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) အသစ် ထုတ်ပေးရေးစခန်းများကို ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ ဖွင့်လှစ်ပေးနေပြီဖြစ်ကြောင်း မြန်မာအလုပ်သမားအကျိုးဆောင်များထံမှ သိရသည်။
CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချင်းမိုင်၊ စူရတ်ဌာနီနှင့် ချွန်ဘူရီ စသော ခရိုင် ၅ ခုတွင် ဖွင့်လှစ်နေခြင်းဖြစ်သည်။
CI စာအုပ်အသစ် ပြုလုပ်လိုသူများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် စာအုပ်ဖိုးကုန်ကျစရိတ် ၂၆၇၀ ဘတ်ကို ပေးသွင်း၍ ကြိုတင်ရက်ချိန်း ရယူရမည်ဖြစ်သည်။
ကြိုတင်ရက်ချိန်းနှင့်အတူ အလုပ်လုပ်ခွင့်လက်မှတ် (Work permit) စာရွက်များကို ကိုင်ဆောင်၍ မိမိရွေးချယ်ထားသော CI စခန်းများတွင် စာအုပ်အသစ် လုပ်ဆောင်ရမည်ဖြစ်သည်။
ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ပြုလုပ်ထားပြီး နိုင်ငံကူးလက်မှတ်စာအုပ်မရှိသည့် မြန်မာအလုပ်သမားများ CI စာအုပ်အသစ် စတင်လုပ်ဆောင်နိုင်ပြီဖြစ်သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် အလုပ်လုပ်ခွင့်လက်မှတ် အသစ်ပြုလုပ်ထားသူများမှာမူ CI စာအုပ်အသစ် လုပ်၍ မရသေးကြောင်း မြန်မာအလုပ်သမား အကျိုးဆောင်က ရှင်းပြသည်။
“ဒီနှစ် ဘတ်အသစ်သမားတွေက စာအုပ်အသစ် လုပ်လို့ မရသေးဘူးပေါ့နော်။ သူတို့ကိုက ဘယ်အချိန် လုပ်ခွင့် ပေးမလဲဆိုတာမျိုးလည်း မသိရသေးပါဘူး” ဟု ဘန်ကောက်ရှိ မြန်မာအလုပ်သမား အကျိုးဆောင်တစ်ဦးက ဆိုသည်။
ယခုနှစ် CI စာအုပ်အသစ် ပြုလုပ်သူများသည် အလုပ်လုပ်ခွင့်လက်မှတ်ကို သက်တမ်းတိုးပြီးပါက အလုပ်လုပ်ခွင့်ဗီဇာ (Non LA) ကို ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ရရှိမည်ဖြစ်သည်။
သို့သော်လည်း ဗီဇာကို တစ်နှစ်အတွင်း နှစ်ကြိမ်အထိ တုံးထုရမည်ဖြစ်ကြောင်း အကျိုးဆောင်က ပြောသည်။
လက်ရှိတွင် လုပ်ငန်းစဉ်အဆင့်ဆင့်ကို နားမလည်သော မြန်မာအလုပ်သမားများက အကျိုးဆောင်များထံမှ CI စာအုပ်အသစ် ပြုလုပ်နေကြသဖြင့် စာအုပ်ပြုလုပ်ရန် ကုန်ကျစရိတ်သည် အနည်းဆုံး ဘတ် ၅၀၀၀ မှ ၈၀၀၀ အထိ ရှိနေကြကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။
CI စာအုပ်ဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်မရှိသော ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ခရီးသွားလက်မှတ်အဖြစ် ထုတ်ပေးထားသော စာအုပ်ဖြစ်ကာ သက်တမ်း ၄ နှစ်ရှိသည်။







