ကွမ်းသီးခြောက်တင်ဆောင်သွားသည့် ကားနှစ်စီးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးလိုက်ပြီးနောက် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စုရှိ ကျေးရွာသုံးရွာတွင် ကွမ်းသီးခြောက်အဝယ်နည်းလာကာ စျေးကျလာကြောင်း ဒေသခံများထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဇဝဲကျေးရွာမှ ကွမ်းသီးခြောက်များကို မြိတ်မြို့သို့ ပို့ဆောင်ရန် တင်ဆောင်လာသည့် ကားနှစ်စီးကို ကြေးနန်းတိုင်တံတားဂိတ်တွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖမ်းဆီးခံရပြီးနောက် ဇဝဲကျေးရွာအုပ်စုရှိ ရွာသုံးရွာတွင် ဝယ်ယူသူနည်းပါးသွားကာ စျေးနှုန်းလည်း ကျဆင်းသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ဇဝဲကျေးရွာအုပ်စုရှိ ဆန်းသစ်ရွာ၊ ဆင်ဒင်ရွာနှင့် ဇဝဲရွာတို့တွင် ကွမ်းသီးခြောက် ဝယ်ယူသူ နည်းပါးလာခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“ကွမ်းသီးတွေကို ကားသမားတွေကလည်း တင်ဆောင်ဖို့ မရဲတရဲ ဖြစ်နေကြတယ်။ ဖမ်းခံရတဲ့ကားကလည်း တကူဘက်က ကွမ်းသီးတွေ တင်လာတာမို့လို့ ဖမ်းတယ်လို့ ပြောတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်အာဏာရှင်တပ်က ကွမ်းသီးခြောက်တင်ဆောင်သည့်ကားများကို မဖမ်းဆီးမီအချိန်က ကွမ်းသီးခြောက် တစ်ပိဿာလျှင် ၁၃,၀၀၀ ကျပ်အထိ ပေါက်စျေးရှိသော်လည်း၊ ယခုအခါတွင် ၁၀,၀၀၀ ကျပ်သာပေး၍ ဝယ်ယူနေကြကြောင်း အခြားဒေသခံတစ်ဦးက ဆိုသည်။
ဆင်ဒင်ရွာတွင် ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်သားများကလည်း ကွမ်းသီးဝယ်ယူသူများကို မေးမြန်းစစ်ဆေးကာ ဖမ်းဆီးမည်ဟု ပြောဆိုနေကြောင်း၊ ထို့ပြင် ကုန်ကားများတွင် ကွမ်းသီးခြောက်ပါ၊ မပါကိုလည်း တင်းကျပ်စွာ စစ်ဆေးလျက်ရှိကြောင်း ၎င်းက ပြောသည်။
“ကွမ်းသီးရောင်းဝယ်သူတွေကိုလည်း မေးမြန်းပြီး ဖမ်းမယ်လို့ ပြောနေတယ်။ အဲဒါကြောင့် ဝယ်သူတွေလည်း အရင်လို မဝယ်ရဲတော့ဘူး ဖြစ်နေတယ်” ဟု အထက်ပါဒေသခံက ဆိုသည်။
စစ်အာဏာရှင်တပ်က ကွမ်းသီးခြောက်များကို မည်သည့်အတွက် စစ်ဆေးဖမ်းဆီးနေသည်ကို မသိကြောင်း၊ ယခင်ကယင်းသို့ ဖမ်းဆီးသည်မျိုး မကြားဖူးဘဲ ယခုမှသာ ဖမ်းဆီးလာခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
ကြေးနန်းတိုင်တံတားဂိတ်တွင် ဖမ်းဆီးခဲ့သည့် ကားနှစ်စီးကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်သော်လည်း ဒဏ်ငွေမည်မျှ ပေးဆောင်ခဲ့ရသည်ကိုမူ မသိရှိရကြောင်း သိရသည်။







