ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာတွင် ရွာသားသုံးဦး သရက်သီးသွားကောက်စဥ် လမ်းတွင် မိုင်းနင်းမိပြီး နှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ဖေဖော်ဝါရီ ၁၄ရက်တွင် မင်းပြင်ရွာအနီးတွင် စစ်ဘေးရှောင်နေကြသည့် ဒေသခံသုံးဦးသည် ရွာတွင် သရက်သီး သွားကောက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး ဒဏ်ရာရပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာ မရခဲ့ကြောင်း ၎င်းက ဆိုသည်။
“အမျိုးသားတစ်ဦးက ဒဏ်ရာပြင်းတယ်။ တစ်ဦးက ဒဏ်ရာနည်းတယ်။ ခြေတွေမှာ ထိသွားကြတယ်။ နီးစပ်ရာ ဆေးခန်းကို ပို့ပေးလိုက်ကြတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
ပလမြို့ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားသည့် ပြီးခဲ့သည့်နှစ် ဇူလိုင်လကတည်းက စစ်အာဏာရှင်တပ်သည် မကြာခဏသလို မင်းပြင်ရွာတွင် ဝင်ရောက်တပ်စွဲလေ့ ရှိပြီး တစ်ကြိမ်တပ်စွဲလျှင် အနည်းဆုံး တစ်ပတ်ခန့် ကြာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
ဒေသခံများသည် စစ်ရှောင်နေရသည်မှာ ကာလကြာမြင့်လာပြီဖြစ်ပြီး စားသောက်ရန်ခက်ခဲလာသဖြင့် ရွာနှင့် ရွာဝန်းကျင်တွင် ရှိသည့် ခြံများတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းများ ပြန်ဆုတ်သွားချိန် အသီးအနှံများ ဝင်ရောက်ကောက်ယူကြကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“အခုမိုင်းထိတာလည်း စားဖို့သောက်ဖို့ မရှိလို့ သွားကောက်တာလို့ သိရတယ်။ ရွာထဲလည်း ပြန်ဝင်ပြီး မနေရဲကြဘူး။ ဘယ်သူ (ထောင်ထားတဲ့) မိုင်းမန်းတော့ မသိဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
ဖေဖော်ဝါရီလ ၁၃ရက်တွင် ဇရပ်ဆိပ်ရွာက ဓနိဖက်ခုတ်ရန်သွားသည့် ဇနီးမောင်နှံနှစ်ဦးလည်း မိုင်းထိ၍ သေဆုံးခဲ့သည်။







