ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်နည်းပညာတက္ကသိုလ်တိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၁၀ကျော် ဖမ်းမိကြောင်း ဒူရကစစ်ကြောင်းဆို

February 18, 2026

ဓာတ်ပုံ - ဒူရကစစ်ကြောင်း။

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးရှိ နည်းပညာတက္ကသိုလ်နှင့် ဘုရားမဲစစ်ဆေရေးဂိတ်တွင် တပ်စွဲနေသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာတွင် စစ်အာဏာရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးကို ဖမ်းမိကြောင်း ဒူရကစစ်ကြောင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၆ နာရီတွင် နည်းပညာတက္ကသိုလ်နှင့် ဘုရားမဲစစ်ဆေရေးဂိတ်တို့ကို တစ်ပြိုက်နက် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု လေးနာရီ ကြာမြင့်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ထားဝယ်နည်းပညာတက္ကသိုလ်ကို ယာယီသိမ်းဆည်းရမိခဲ့ပြီး ဘုရားမဲဂိတ်ကို သိမ်းဆည်းရခါနီးတွင် စစ်အာဏာရှင်တပ် စစ်ကူစစ်ကြောင်း ရောက်ရှိလာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၁၁ဦးကို ဖမ်းဆီးရမိပြီး စစ်အာဏာရှင်တပ်ဖွဲ့ဝင်များလည်း ထွက်ပြေး ကြကြောင်း ဆိုသည်။

ယင်းအပြင် တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၉ ဦး သေဆုံးကြောင်း ဒူရကစစ်ကြောင်း က သတင်းထုတ်ပြန်သည်။

စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌မူ ထားဝယ်နည်းပညာတက္ကသိုလ်ရှိ တပ်စွဲထားသည့်နေရာကို စစ်အာဏာရှင်တပ်ဘက်က စွန့်ခွာဆုတ်ပေးလိုက်ရပြီး နှစ်ဦးသေဆုံးကြောင်း ဖော်ပြကြသည်။

စစ်အာဏာရှင်တပ်ဘက်က သေဆုံးသည့် အရေအတွက်နှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါတိုက်ပွဲတွင် 81 စက်လက် တစ်လက်၊ သေနတ် ၁၇ လက်၊ ကျည်ဆန်အမျိုးမျိုး သုံးထောင်ကျော်အပါအဝင် ကျည်ဘောက်အမျိုးမျိုး၊ စကားပြောစက် ငါးလုံးနှင့် လက်ပစ်ဗုံး ၁၂ လုံးစသည့် စစ်အသုံးအဆောင်များကို သိမ်းဆည်း ရမိကြောင်း ဒူရကစစ်ကြောင်းက ဓာတ်ပုံ မှတ်တမ်းနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်နေစဥ်အတွင်း ထားဝယ်နည်းပညာတက္ကသိုလ် အနီးတစ်ဝိုက်ကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းတိုက်ပွဲကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းနှင့်အတူ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ DGRF တို့ပူးပေါင်းတိုက်ခိုက် ခြင်းဖြစ်သည်။

“ဖမ်းမိထားတဲ့သူတွေကို စစ်သုံ့ပန်း ဥပဒေအတိုင်းအရေးယူမှာပါ။ ပြည်သူ့တော်လှန်ရေးက ရှေ့ဆက် ဒီအထက် ပြင်းထန် လာဖို့ ရှိပါတယ်။ စစ်သား၊ ရဲနှင့် လက်နက်ကိုင်အဖွဲ့အစည်းအဖွဲ့ဝင်တွေ ပြည်သူ့တော်လှန်ရေး ‌ရဲဘော်များနဲ့ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြပါလို့ ပြောချင်ပါတယ်” ဟု DNLA မှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ထားဝယ်နည်းပညာတက္ကသိုလ်ကို ထားဝယ်မြို့တွင်းရှိ ကွန်ပျူတာတက္ကသိုလ်သို့ နေရာပြောင်းပြီးနောက် မောင်မယ်ရှောင်ရွာရှိ အဆောက်အအုံဟောင်းတွင် စစ်အာဏာရှင်တပ်က အရာရှိ၊ တပ်သားနှင့် ရဲ အင်အား ၆၀ ခန့် နေရာယူထားကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ထားဝယ်နည်းပညာတက္ကသိုလ် အနီးရှိ ရန်ကုန်-ထားဝယ်ကားလမ်းမပေါ်က ဘုရားမဲ စစ်အာဏာရှင် စစ်ဆေရေးဂိတ် တွင်လည်း အင်အား ၅၀ ဝန်းကျင်ရှိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။