ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမ္ဘာ့အရှည်ဆုံးရေအောက်ကေဘယ်လိုင်းကို Meta တည်ဆောက်မည်

February 18, 2025

ပုံစာ - စပိန်နိုင်ငံ ၊ ဘာစီလိုနာကမ်းရိုးတန်းတွင် မြင်တွေ့ရသည့် Meta ကုမ္ပဏီပိုင် 2Africa ရေအောက်ကေဘယ်လိုင်း။ ဓာတ်ပုံ - AP

အမေရိကန်၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဘရာဇီးနှင့် အခြားဒေသများကို ချိတ်ဆက်သွားမည့် ကမ္ဘာ့အရှည်ဆုံး ရေအောက်ကေဘယ်လိုင်းကို တည်ဆောက်ရန် Meta ကုမ္ပဏီက စီစဉ်နေသည်။

Instagram ၊ Facebook ၊ WhatsApp တို့ကို ပိုင်ဆိုင်သည့် မာ့ခ်ဇူကာဘတ် ဦးဆောင်သော Meta ကုမ္ပဏီက ကီလိုမီတာ ၅၀,၀၀၀ (၃၁,၀၀၀ မိုင်) ရှည်လျားသည့် အဆိုပါ ပင်လယ်ရေအောက် ကေဘယ်လိုင်းကို တည်ဆောက်သွားမည် ဖြစ်သည်။ ယင်းမှာ ကမ္ဘာ့မျက်နှာပြင်ကို တစ်ပတ်ပြည့်အောင် ပတ်သည့်အကွာအဝေးထက် ပိုမိုရှည်လျားမည်ဖြစ်သည်။

“ Project Waterworth” ဟု အမည်ပေးထားသည့် ယင်းစီမံကိန်းမှာ ဉာဏ်ရည်တု(AI) နှင့် အခြားနည်းပညာသစ်များကို ကမ္ဘာတစ်ဝှမ်း လက်လှမ်းမီစေနိုင်ရန် ရည်ရွယ်သည်ဟု Meta ကုမ္ပဏီက ဆိုသည်။

ပင်လယ်ရေအောက်ကေဘယ်လိုင်းများသည် “အင်တာနက်၏ အဓိကကျောရိုး”ဖြစ်သည်ဟု Global Digital Inclusion Partnership အဖွဲ့က ဆိုသည်။ ယင်းအဖွဲ့က ၂၀၃၀ ခုနှစ်ရောက်လျှင် ကမ္ဘာ့လူဦးရေအားလုံး အင်တာနက်နှင့် “အဓိပ္ပါယ်ရှိစွာ ချိတ်ဆက်နိုင်ရေး” ရည်မှန်းချက်ကို ချမှတ်ထားသည်။

ကမ္ဘာပေါ်ရှိ အင်တာနက်သတင်းအချက်အလက်အားလုံး၏ ၉၅ ရာခိုင်နှုန်းသည် အဆိုပါ ရေအောက်ကေဘယ်လိုင်းများမှ တစ်ဆင့် ဖြတ်သန်းစီးဆင်းနေသည်ဟု ယင်းအဖွဲ့က ပြောသည်။ သို့သော်လည်း အင်တာနက်သုံးစွဲခွင့်ကို ကမ္ဘာ့လူသားအားလုံးက လက်လှမ်းမီခွင့် မရသေးဘဲ ယင်း၏ အကျိုးဆက်ကို လူ့အဖွဲ့အစည်း၏ ဘေးဖယ်အခံရဆုံး လူဦးရေက ခံစားရလျက်ရှိသည်ဟု ဆိုသည်။

Source : Sky News