ရေဖြူမြို့နယ်၊ ခမောင်းချောင်းကျေးရွာအတွင်း ရောက်ရှိသော စစ်အာဏာရှင်တပ် စစ်ကြောင်း သည် ယနေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အဆိုပါစစ်ကြောင်းသည် ခမောင်းချောင်းကျေးရွာဘုန်းကြီးကျောင်းတွင် ဒီဇင်ဘာလ ၁၆ ရက် ညနေပိုင်းမှစ၍ လာရောက်တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယနေ့ နံနက် ၉နာရီခန့်တွင် ဘုန်းကြီးကျောင်းမှ ခမောင်းချောင်းကျေးရွာ အထက်ပိုင်းသို့ စစ်ကြောင်လာချိန် တော်လှန်ရေးတပ်တို့က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်တို့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ထို့နောက် ယင်းနေရာတွင်ပင် နေအိမ်တစ်လုံးကို ယင်းစစ်ကြောင်းက မီးရှို့ခဲ့ကြောင်း တော် လှန်ရေးတပ် နှင့် နီးစပ်သည့် ဒေသခံ အမျိုးသမီးတစ်ဦးကပြောဆိုသည်။
“အဲဒီနေရာမှာ အိမ်တွေကတော့ တစ်အိမ်နဲ့ တစ်အိမ်ဝေးတယ်။ လောလောဆယ်တော့ အိမ်တစ်ဆောင်မီးရှို့ခံထားခဲ့ရတယ်ဆိုတာပဲ သိရသေးတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါစစ်ကြောင်းတွင် အင်းအား ၁၀၀ကျော်ရှိပြီး ယခုလက်ရှိ ခမောင်းချောင်းကျေးရွာအတွင်း တပ်ဖြန့်ထားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
စစ်ကြောင်းဝင်လာချိန် ဒီဇင်ဘာလ ၁၆ ရက် ညနေပိုင်း ခမောင်းချောင်းကျေးရွာအဝင်တွင် ထွက်ပြေးသည်ဟုဆိုက လူငယ်အမျိုးသားတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“ပစ်လိုက်တော့သူလဲကျသွားတာကို မြင်လိုက်သူတွေရှိတယ် ခုထိတော့ သေလားရှင်လား ဆိုတာ မသိရဘူး” ဟု အထက်ပါဒေသခံအမျိုးသမီးကပြောသည်။
ယင်းအပြင် ခမောင်းချောင်းရွာမှ အသက် ၅၀ကျော်အရွယ် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ကိုလည်း ဖမ်းဆီးထားပြီး ၎င်းတို့ နှစ်ဦးစလုံးမှာ ယနေ့ မွန်းလွဲပိုင်းအချိန်ထိ ပြန်လွတ်လာကြာခြင်းမရှိသေးကြောင်း ဒေသခံအချို့က ဆိုသည်။
စစ်ကြောင်း ဝင်ရောက်နေ၍ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိစသည့် ကျေးရွာများမှာ ဒေသခံတို့မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။







