ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

NUG ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူးအပါအဝင် ငါးဆယ်ခန့်ကို KNU ဖမ်းဆီး

December 17, 2025

Photo - ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူးတစ်ဦးအပါအဝင် ငါးဆယ်ခန့်ကို KNU ကဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူများအထဲတွင် အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း(T5) တပ်ရင်းမှူး မင်းသားကြီး၊ တနင်္သာရီ ဒရုန်းဒုတပ်ရင်းမှူး ဒိုရာတို့ အပါအဝင် စုစုပေါင်း လူငါးဆယ်ခန့်ပါဝင်ကြောင်း ဒေသခံအချို့ထံမှသိရသည်။

“T 5 (ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း) ကတပ်ဖွဲ့ဝင်တွေနဲ့ ထောက်ပို့တွေအကုန်လုံး ငါးဆယ်လောက်ရှိတယ် KNU က ဖမ်းလိုက်တာ” ဟု ဖြစ်စဉ်ကို သိရှိထားသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

၎င်းတို့အား KNU တပ်မဟာ ၄ တပ်ရင်း ၁၂ က ယနေ့ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းထား‌ကြောင်း သိရသည်။

ယင်းကိစ္စကို ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းဖက်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဖမ်းခံရသည့်ကိစ္စ မှန်ကန်ကြောင်း အတည်ပြုသော်လည်း အသေးစိတ်ကို ဖြေဆိုမရသေးကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ ဖြေရှင်းဖို့လုပ်နေပါတယ်။ အဲလောက်ပဲပြောလို့ရပါသေးတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး” ဟု ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းမှ မဟာမိတ်ဆက်ဆံရေးမှူး ကိုမင်းထက်က ပြောသည်။

KNU တပ်မဟာ ၄ အတွင်းရေးမှူး ပဒိုအယ်နားကမူ အခြေအနေအသေးစိတ်ကို မသိရသေးဘဲ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ခွဲ တာဝန်ရှိသူကိုမေးမြန်ရန် ပြောဆိုသည်။

“အခြေနေအသေးစိတ်ကိုကျွန်တော်မသိဘူးနော်” ဟု ပဒိုအယ်နားကပြောသည်။

သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့ တာဝန်ရှိသူကိုမူ ယနေ့ ဒီဇင်ဘာလ ၁၇ ရက် နေ့လယ် ၂ နာရီကျော်အချိန်က အွန်လိုင်းမှတစ်ဆင့် မေးမြန်းထားသော်လည်း ပြန်လည်မဖြေကြားသေးပေ။

ဒေသခံတို့၏ ပြောဆိုချက်အရ ဒီဇင်ဘာလ ၁၆ ရက်က ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းတပ်ဖွဲ့ဝင်တို့နှင့် KNU တပ်ရင်း ၁၂ အောက်ရှိ တပ်ဖွဲ့ဝင်တို့အကြား ပြဿနာဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းပြဿနာဖြစ်ပွားပြီးနောက် ယနေ့နံနက်ပိုင်းတွင် ဗျူဟာ ၃၃ ဗျူဟာမှူးအပါအဝင် တနင်္သာရီ ဒရုန်းတပ်ရင်း ဒုတပ်ရင်းမှူး၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းမှ တပ်ရင်းမှူး၊တပ်ခွဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ထောက်ပို့အဖွဲ့ဝင်များ အပါအဝင် လူငါးဆယ်ကျော်ခန့် အဖမ်းခံရခြင်းဖြစ်သည်။

၎င်းတို့အား KNU တပ်မဟာ ၄၊ တပ်ရင်း ၁၂ အောက်ရှိ တပ်ခွဲများဖြစ်သော ကစယ်ဒိုကျားတပ်ဖွဲ့၊ ပုတီးတစ်လုံးတပ်ဖွဲ့တို့က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ယင်းအပြင် KNU က သရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်လှေဆိပ်အပါအဝင် လှေဆိပ်အချို့ကိုလည်း ပိတ်ထားကြောင်း ဒေသခံတို့က ပြောဆိုသည်။