ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလောတွင် CDM ဆရာမဇနီးမောင်နှံ သတ်ဖြတ်ခံရ၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စုံစမ်းစစ်ဆေး

December 17, 2025

ပုလောမြို့နယ်၊ ဆားခဲကျေးရွာတွင် CDM ဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ ဓားထိုးခံရပြီး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

အသက် ၄၉ နှစ်အရွယ် ဆရာမဒေါ်အေသီအောင်တို့ ဇနီးမောင်နှံသည် ဒီဇင်ဘာ ၁၆ ရက် နံနက် ၂ နာရီခန့်တွင် နေအိမ် အတွင်း သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောသည်။

“ဆရာမကြီးတို့ လင်မယား အိမ်မှာပဲ ရက်ရက်စက်စက် ဓားနဲ့ အချက်ပေါင်းများစွာ အထိုးခံရတယ်။ (တော်လှန်ရေး) လုံခြုံရေးတပ်ဖွဲ့တွေ ရောက်သွားချိန်မှာ အသက်မရှိတော့ဘူး” ဟု ၎င်းက ပြောဆိုသည်။

ဆားခဲကျေးရွာသည် တော်လှန်ရေးအင်အားစုများ၏ စိုးမိုးနယ်မြေဖြစ်ပြီး ဆရာမ ဒေါ်အေးသီအောင်သည် ဒေသတွင်းရှိ ကလေးငယ်များ၏ ပညာရေးအတွက် ဦးဆောင်ကြိုးပမ်းနေသူဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ဆရာမဒေါ်အေသီအောင်သည် ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းတို့၏ နေအိမ်က လူပြတ်သည့်နေရာဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

မျက်နှာ၊ ပါးစပ်နှင့် လည်ပင်းတို့တွင် ဒဏ်ရာများရရှိထားသည်ကို တွေ့ရကြောင်း ၎င်းက ပြောဆိုသည်။

“ဆရာမကြီးမှာက ဒဏ်ရာပိုများတယ်။ သူ့ယောကျာ်းမှာက နည်းတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

ဆရာမတို့ ဇနီးမောင်နှံအား သတ်ဖြတ်သွားသူများကို ဖမ်းဆီးအရေးယူနိုင်ရေး မဟာမိတ်အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းကာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။

သတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးမှသာ ပြန်လည် ဖြေကြားသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောဆိုသည်။

“စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးမှပဲ ဖြေလို့အဆင်ပြေမယ်” ၎င်းက ပြောသည်။

ယင်းကဲ့သို့ သတ်ဖြတ်ခြင်းသည် လူမဆန်သည့်အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ပြင်းထန်စွာရှုတ်ချကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆရာမနှင့် ခင်ပွန်းဖြစ်သူ၏ ရုပ်အလောင်းကို ယနေ့ ဒီဇင်ဘာလ ၁၇ရက် နံနက်ပိုင်းတွင် မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။