ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီတလီတွင် ဒိုင်နိုဆောခြေရာ ထောင်နှင့်ချီ တွေ့ရှိ

December 17, 2025

အီတလီနိုင်ငံ တစ်နေရာတွင် ထောင်နှင့်ချီသည့် ဒိုင်နိုဆောခြေရာများကို ရှေးဟောင်းရုပ်ကြွင်းပညာရှင်များက တွေ့ရှိခဲ့ကြောင်း ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အီတလီနိုင်ငံ ၊ စတယ်လ်ဗီယိုအမျိုးသားဥယျာဉ်အတွင်း ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂,၀၀၀ ကျော်အမြင့်ရှိ မတ်စောက်လှသည့် ကျောက်နံရံတစ်ခုပေါ်တွင် ယင်းဒိုင်နိုဆောခြေရာများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုတွေ့ရှိမှုသည် ကမ္ဘာမြေ၏ ထရိုင်ဆစ်ကာလ (Triassic period) မှ ရုပ်ကြွင်းအများဆုံးတွေ့ရှိရသည့် နေရာများအနက် တစ်ခုဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။

အဆိုပါ ဒိုင်နိုဆောခြေရာများသည် အီတလီနိုင်ငံ ၊ ဘွန်မီယိုမြို့အနီးရှိ အမြင့်ပိုင်း ရေခဲမြစ်ဝှမ်းတလျှောက် ၅ ကီလိုမီတာခန့်အထိ ရှည်လျားစွာ တွေ့ရှိရခြင်း ဖြစ်သည်။

ဘွန်မီယိုမြို့သည် ၂၀၂၆ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပမည့် နေရာများအနက် တစ်ခု အပါအဝင် ဖြစ်သည်။

“ဒါက အီတလီမှာ တွေ့ရသမျှထဲမှာ အကြီးမားဆုံးနဲ့ သက်တမ်းအရှည်ကြာဆုံး ဒိုင်နိုဆောခြေရာစုဝေးရာနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ၃၅ နှစ်တာ လုပ်သက်အတွင်း တွေ့ခဲ့ရသမျှထဲမှာ အထင်ရှားအထူးခြားဆုံး ရှာဖွေတွေ့ရှိမှုလည်း ဖြစ်ပါတယ်” ဟု အီတလီနိုင်ငံ၊ မီလန်သဘာဝသမိုင်းပြတိုက်မှ ရှေးဟောင်းရုပ်ကြွင်းပညာရှင် ခရစ္စတီယာနို ဒယ်လ်ဆာဆိုက အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခု ဒိုင်နိုဆောခြေရာများ တွေ့ရှိရာ ဒေသသည် လွန်ခဲ့သောနှစ်ပေါင်း သန်း ၂၀၀ ကျော်က ကမ်းစပ်ထုံးအိုင်တစ်ခု ဖြစ်ခဲ့ပြီး ဒိုင်နိုဆောများ ကမ်းစပ်တစ်လျှောက် သွားလာရန် သင့်တော်သည့် နေရာတစ်ခုအဖြစ် ပညာရှင်များက ယူဆသည်။

ယင်းကြောင့် ပလေတီယိုဆောရပ်စ် (Plateosaurus) ကဲ့သို့သော လည်တိုင်ရှည် သတ်သတ်လွတ်စား ဒိုင်နိုဆောအုပ်စုများ သွားလာရင်း ရွှံ့နွံများပေါ်တွင် ကျန်ရစ်ခဲ့သည့် ခြေရာများ တွေ့ရှိရသည်ဟု ပညာရှင်များက ယူဆထားသည်။

Source: Reuters