ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ ဘွန်ဒိုင်းကမ်းခြေရှိ ဂျူးဘာသာရေးအခမ်းအနားတစ်ခုတွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု သံသယရှိသူ Naveed Akram ကို လူသတ်မှု ၁၅ မှုနှင့် အကြမ်းဖက်တိုက်ခိုက်မှု အပါအဝင် ပြစ်မှုပေါင်း ၅၉ ခုဖြင့် တရားစွဲလိုက်ပြီဖြစ်သည်။
ယင်းအခမ်းအနားတွင် Akram အမည်ရှိသားအဖနှစ်ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အသက် ၅၀ အရွယ်ရှိ သေနတ်သမား ဖခင်ဖြစ်သူ Sajid Akram ကို အခင်းဖြစ်ပွားရာနေရာ၌ပင် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားခဲ့သည်။
၂၄ နှစ်အရွယ် သားဖြစ်သူ Naveed Akram မှာမူ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သတိမေ့မြောနေခဲ့ရာမှ ဗုဒ္ဓဟူးနေ့တွင် သတိပြန်လည်လာခဲ့ပြီဖြစ်သည်။
Naveed Akram ကို တရားစွဲဆိုလိုက်ကြောင်း ဩစတြေးလျရဲတပ်ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သူများ၏ ဈာပနအခမ်းအနားများ စတင်ကျင်းပနေချိန်၌ ယင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော ဘွန်ဒိုင်းကမ်းခြေတိုက်ခိုက်မှုအတွင်း ၁၅ ဦး သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် တစ်နိုင်ငံလုံး တုန်လှုပ်ခြောက်ခြားခဲ့ရပြီး ဂျူးဆန့်ကျင်ရေးဝါဒနှင့် အစွန်းရောက်အကြမ်းဖက်မှုများ မြင့်တက်လာမည်ကို ပိုမိုစိုးရိမ်လာကြသည်။
Naveed Akram သည် လက်ရှိတွင် ဆေးရုံ၌ ရဲတပ်ဖွဲ့၏ စောင့်ကြပ်ကြည့်ရှုမှုအောက်တွင် ရှိနေသည်။
၎င်းအား မကြာမီ စုံစမ်းစစ်ဆေးသွားမည်ဟု အာဏာပိုင်များက ဆိုသည်။
Source: Reuters







