ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာဘက်ကို စစ်အာဏာရှင်တပ်က နှစ်ရက်ဆက်တိုက် လက်နက်ကြီးဖြင့်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရေဖြူမြို့နယ်၊ ကျောက်ကညာကျေးရွာအခြေစိုက် စစ်အာဏာရှင် အမြောက်တပ်ရင်း အမတ ၃၀၄ က ဒီဇင်ဘာလ ၁၆ ရက်နှင့် ယနေ့ ဒီဇင်ဘာလ ၁၇ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်တို့တွင် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အခုလည်း လေးလုံးလောက်ရှိပြီ။ မနေ့က ၉ နာရီလောက်မှာ စပစ်တာ။ မနေ့ကလည်း သုံးလေးလုံးလောက်ရှိတယ်” ဟု ယင်းဒေသခံက ပြောဆိုသည်။
လက်နက်ကြီးကျည်များမှာ နတ်တွင်းကျေးရွာအနီး ကျရောက်ပေါက်ကွဲပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
စစ်အာဏာရှင်တပ်က ယင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်တွင်လည်း အထက်ပါ အမြောက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နတ်တွင်းကျေးရွာရှိ လူနေအိမ် သုံးဆောင် နှင့် ကားတစ်စီးထိမှန်ပျက်စီးခဲ့သေးသည်။







