တနင်္သာရီမြို့-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမှ မောတောင်မြို့သို့ သွားသည့်လမ်းတွင် စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီးနောက် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၁၁ ရက်တွင် မြိတ်မှ စစ်အာဏာရှင်တပ်သားများ ကားခုနစ်စီးဖြင့် အင်အားဖြည့်တင်းခဲ့ပြီး သဲဖြူရွာ ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာလ ၁၃ရက် မွန်းလွဲ ၁နာရီကျော်တွင် အဆိုပါလမ်းရှိ သိန်ခွန်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်ပြီးနောက် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“တိုက်ပွဲကတော့ တော်တော်ကြမ်းနေတယ်။ စစ်အာဏာရှင်တပ်က အင်အားဖြည့်ပြီး စစ်ကြောင်းထပ်တိုးတက်လာတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
တိုက်ပွဲပြင်းထန်နေသဖြင့် နေ့ရောညပါ လက်နက်ကြီးဖြင့် ပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။
မောတောင်မြို့ကို တော်လှန်ရေးတပ်များ သိမ်းယူပြီးနောက် နိုဝင်ဘာလ ၁၅ရက်မှစ၍ ဒီဇင်ဘာလ ၁၅ရက်အထိ တစ်လကျော်အကြာ သိန်ခွန်းရွာနှင့် သဲဖြူရွာဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
တိုက်ပွဲပြင်းထန်နေသဖြင့် ဒေသခံ ခုနစ်ထောင်ကျော် စစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။







