BREAKING
November 17, 2025

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ မျက်ကွယ်သေဒဏ်ချမှတ်ခံရ

November 17, 2025

Photo - Reuters

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်ရာဇဝတ်မှုဆိုင်ရာတရားရုံးဖြစ်သည့် International Crimes Tribunal က ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မျက်ကွယ်သေဒဏ်ချမှတ်လိုက်သည်။

ပြီးခဲ့သည့်နှစ်က ၎င်းအား ဖြုတ်ချနိုင်ခဲ့သည့် ကျောင်းသားဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းမှုအတွက် ရှိတ်ဟာဆီနာသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ကာ သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တရားလက်လွတ် သတ်ဖြတ်မှု ရာပေါင်းများစွာကို လှုံ့ဆော်ခဲ့ရာတွင် ရှိတ်ဟာဆီနာ၌ တာဝန်ရှိကြောင်း International Crimes Tribunal ၏ တရားသူကြီးသုံးဦးပါဝင်သည့် အဖွဲ့က ဆုံးဖြတ်ခဲ့သည်။

ယင်းသို့ သတ်ဖြတ်ခံခဲ့ရသူများ၏ မိသားစုဝင်အချို့က ရှိတ်ဟာဆီနာ၏ အပြစ်ဒဏ်ကို ကြေညာချိန်၌ တရားခွင်တစ်ခုလုံး လက်ခုပ်တီးခဲ့ကြကြောင်းCNN သတင်းတစ်ရပ်က ဖော်ပြသည်။

၂၀၂၄ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူ ၁,၄၀၀ ခန့် သေဆုံးခဲ့ပြီး ၂၅,၀၀၀ အထိ ဒဏ်ရာရရှိခဲ့သည်ဟု ယူဆရကြောင်း တရားရုံးက ကြားနာခဲ့သည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ခိုလှုံလျက်ရှိသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာသည် ဆန္ဒပြသူများအား သတ်ဖြတ်ရန် လှုံ့ဆော်မှု၊ ဆန္ဒပြသူများကို ကြိုးပေးရန် အမိန့်ပေးမှုနှင့် မငြိမ်မသက်မှုများကို နှိမ်နင်းရန် အသက်သေစေ နိုင်သော လက်နက်များ၊ ဒရုန်းများနှင့် ရဟတ်ယာဉ်များ အသုံးပြုရန် အမိန့်ပေးမှုတို့နှင့် ဆက်စပ်၍ စွဲချက်ငါးခုနှင့် ရင်ဆိုင်ခဲ့ရသည်။

အဆိုပါ စွဲချက်များကို သူမဘက်က ငြင်းဆန်ထားသော်လည်း တရားရုံးဘက်က အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

Source: CNN