ဗြိတိန်နိုင်ငံသား ဂျီဟတ်ဝါဒီများကို အဖွဲ့ဝင်အဖြစ် စုဆောင်းရန် IS အဖွဲ့က ဉာဏ်ရည်တုနည်းပညာ (AI) ကို ပထမဆုံး အကြိမ် အသုံးပြုလာကြောင်း ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် The Telegraph သတင်းတစ်ရပ်က ဖော်ပြသည်။
ယင်းကြောင့် ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီများအကြား စိုးရိမ်မှုမြင့်တက်နေကြောင်းလည်း ဖော်ပြသည်။
အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းတွင် IS အဖွဲ့နှင့် အယ်လ်ကိုင်းဒါးအဖွဲ့နှစ်ခုစလုံး ပြန်လည်ကြီးထွားလာမည့် အရေး စိုးရိမ်မှုများရှိနေချိန် AI ကို ဝါဒဖြန့်လက်နက်အဖြစ် အသုံးပြုမှုကို MI5 နှင့် MI6 ဗြိတိန်ထောက်လှမ်းရေး အေဂျင်စီများက စောင့်ကြည့်နေကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။
“ယူကေနဲ့ ဥရောပကို ဦးတည်ပြီး အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ ပြည်ပအဖွဲ့အစည်းတွေက ဆက်လက်ကြိုးပမ်း နေပါတယ်” ဟု ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ MI5 ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Sir Ken McCallum က ပြီးခဲ့သည့်လတွင် ပြောဆိုထားသည်။
အယ်လ်ကိုင်းဒါးနှင့် IS အဖွဲ့သည် ပြည်ပက မတည်ငြိမ်မှုများကို အခွင့်ကောင်းယူပြီး ခြေကုပ်အခိုင်အမာရရှိရန် ရည်မှန်းချက်ကြီးကြီးထားပြီး ပြန်လည်လုပ်ဆောင်လာကြောင်း ၎င်းက ဆိုသည်။
“သူတို့နှစ်ဖွဲ့စလုံးက အနောက်နိုင်ငံတွေက (ဂျီဟတ်) တိုက်ခိုက်ရေးသမား ဖြစ်လာလိုသူတွေကို ပုဂ္ဂိုလ်ရေးအရ အားပေး လှုံ့ဆော်နေသလို သွယ်ဝိုက်တဲ့နည်းနဲ့လည်း လှုံ့ဆော်ပေးနေပါတယ်” ဟု ၎င်းက ပြောသည်။
IS အဖွဲ့သည် ဥရောပတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် နည်းပညာကို အသုံးပြုနေသည့်အပြင် ဆီးရီးယားရှိ ၎င်းတို့၏ တပ်ဖွဲ့များသို့ ဝင်ရောက်တိုက်ခိုက်မည့် နိုင်ငံခြားသား တိုက်ခိုက်ရေးသမားများကိုလည်း လူသစ်စုဆောင်းရေး ကမ်ပိန်း စတင်လိုက်ပြီဟု ယုံကြည်ရကြောင်း The Telegraph သတင်းတွင် ဖော်ပြသည်။
Source: The Telegraph






