ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု၊ ဂန့်ဂေါ်တောင်ရွာတွင် ရှိသည့် စစ်အုပ်စုနှင့်ဆက်စပ်သော ဦးပိုင်ကုမ္ပဏီပိုင် ဆီအုန်းခြံ ဧရိယာအတွင်းရှိ တောလမ်းကို နိုဝင်ဘာလ ၁၆ ရက်က ဖြတ်သန်းသွားလာသည့် ရွာသားတစ်ဦးကို ဆီအုန်းခြံ စစ်ဆေးရေးဂိတ်မှ စစ်အာဏာရှင်တပ်သားများက ရိုက်နှက်ကြောင်း ရွာသားများထံမှ သိရသည်။
ရိုက်နှက်ခံရသူသည် ဂန့်ဂေါ်တောင်ရွာသား တောခုတ်အလုပ်လုပ်သည့် အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
“ခါတိုင်း (ပုံမှန်) လည်း တောလမ်းက သွားလာနေတာပဲ။ ရိုက်ခံရတုန်းကတော့ သူက နည်းနည်း (အရက်) သောက်ထား တော့ မေးရာမြန်းရာ ဘာအမှားပါသွားလဲ မသိဘူး။ ရိုက်ခံလိုက်ရတယ်။ ရွာသားတွေဂိတ်မှာ ပြန်သွားခေါ်လာရတယ်။ လူကတော့ ထမနိုင်သေးဘူး” ဟု ဂန့်ဂေါ်တောင်ရွာသားတစ်ဦးက ပြောသည် ။
ဆီအုန်းခြံမှ အရာရှိနှင့် မိသားစုဝင်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖမ်းဆီးစစ်ဆေးပြီးနောက် ယခုနှစ် စက်တင်ဘာလတွင် ကံပေါက်-ကလိန်အောင်လမ်းပိုင်း၌ ဆီအုန်းခြံ စစ်ဆေးရေးဂိတ်ကို ထပ်တိုးဖွင့်ထားခြင်း ဖြစ်သည်။
ဆီအုန်းခြံနှင့် ဆက်စပ်နေသည့် ဖားချောင်းကျေးရွာအုပ်စုသို့ သွားသည့် ရွာချင်းဆက်လမ်းများကို စစ်အာဏာရှင်တပ်က မြေတူးစက်ဖြင့် ဖြတ်ထားသည့်အပြင် ဆီအုန်းခြံဧရိယာနှင့် ဖားချောင်းအုပ်စုဘက်သို့ သွားလာမည်ဆိုပါက ဆီအုန်းခြံဂိတ်ကို အကြောင်းကြားရမည်ဟု စာဖြင့် သတိပေးထားကြောင်း ဒေသခံများက ပြောဆိုသည်။
“တောင်ရင်းအင်းရွာ (ဖားချောင်းအုပ်စု) အဝင် ပိတောက်ပင်လမ်းဆုံမှာ စာလာကပ်ထားတယ်။ သွားလာမယ်ဆို သတင်း ပို့ရမယ်ပေါ့။ လမ်းဆုံမှာတော့ သူတို့ (စစ်အာဏာရှင်တပ်သား) တစ်နေ့ နှစ်ခေါက်လောက်လာကြည့်တယ်။ အမြဲတော့မနေဘူး။ ဆီအုန်းဂိတ်မှာတော့ အထိုင်ချတယ်” ဟု ဖားချောင်းဒေသခံတစ်ဦးက ပြောသည်။
ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာများတွင် စစ်အာဏာရှင်တပ်နှင့် ပျူစောထီး စစ်ဆေးရေးဂိတ် ဆယ်ခုဝန်းကျင်ရှိပြီး ယင်းဂိတ်များတွင် ဖြတ်သန်းသွားလာသည့် ဒေသခံများ ရိုက်နှက်စစ်ဆေးခံရမှု မကြာခဏကြုံရလေ့ရှိကြောင်း ကိုယ်တိုင်ကြုံရသူများနှင့် ဒေသခံများထံမှ သိရသည်။
အထက်ပါဂိတ်အများစုတွင် မောရဝတီရေတပ်က စစ်အာဏာရှင်တပ်သားများ ဂိတ်ထိုင်ပြီး ၎င်းတို့ လက်နက် တပ်ဆင်ထားသည့် ပျူစောထီးများလည်း ဂိတ်ထိုင်လေ့ရှိသည်။







