ထိုင်ဝမ်အရေးကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေမှု ပြေလည်စေရန် ဂျပန်အဆင့်မြင့်သံတမန်တစ်ဦး တရုတ်နိုင်ငံသို့ ယနေ့ (နိုဝင်ဘာ ၁၇) သွားရောက်မည်ဖြစ်ကြောင်း ဂျပန်မီဒီယာများက ဖော်ပြသည်။
ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိ၏ ထိုင်ဝမ်အရေး မကြာသေးမီက ပြောဆိုချက်နှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်အကြား သံတမန်ဆက်ဆံရေးမြင့်တက်လာလျက် ရှိသည်။
ထိုင်ဝမ်ကို တရုတ်က စစ်ရေးအရ တိုက်ခိုက်ခြင်းက ဂျပန်၏ ရှင်သန်ရပ်တည်ရေးကို ခြမ်းခြောက်မှုဖြစ်ပြီး ဂျပန်ဘက်က စစ်ရေးအရ တုံ့ပြန်မှုဖြစ်စေနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိက လွှတ်တော်တွင် ပြောကြားခဲ့သည်။
ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့် ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးအစိုးရက ၎င်းတို့ ပိုင်နက်အဖြစ် ကြေညာထားသည်။
တရုတ်ပြည်မကြီးအစိုးရအပေါ် ရန်စမိမည်ကို စိုးရိမ်သဖြင့် ဂျပန်အစိုးရအရာရှိများသည် ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအဲတာကအိချိကဲ့သို့ လူသိရှင်ကြား ပြောဆိုမှုမျိုးကို အချိန်ကြာမြင့်စွာ ရှောင်ရှားလာခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှနှင့် သမုဒ္ဒရာဒေသဆိုင်ရာဗျူရို ညွှန်ကြားရေးမှူးချုပ် မာဆာအာကီ ကာနာအိသည် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဂျပန်မီဒီယာများက ဖော်ပြသည်။
ဂျပန်မီဒီယာများ၏ ဖော်ပြချက်အရ ကာနာအိအနေဖြင့် ဂျပန်ဝန်ကြီးချုပ်၏ ထိုင်ဝမ်အရေး မှတ်ချက်က ဂျပန်အစိုးရ၏ လုံခြုံရေးမူဝါဒ အပြောင်းအလဲကို မဆိုလိုကြောင်း ရှင်းပြကာ နှစ်နိုင်ငံဆက်ဆံရေ ထိခိုက်စေမည့် လုပ်ဆောင်မှုများကို ရှောင်ရှားရန် တရုတ်အစိုးရအား တိုက်တွန်းသွားဖွယ် ရှိသည်။
ထိုင်ဝမ်ကိစ္စတွင် ဂျပန်အနေဖြင့် စစ်ရေးအရ ဝင်စွက်ဖက်ပါက “အပြတ်အသတ်” စစ်ရေးရှုံးနိမ့်မှုနှင့် ရင်ဆိုင်ရမည်ဟု တရုတ်အစိုးရက သောကြာနေ့တွင် သတိပေးခဲ့သည်။
တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်အား ဆင့်ခေါ်ကာ ဂျပန်ဝန်ကြီးချုပ်သစ်၏ ထိုင်ဝမ်အရေး မှတ်ချက်နှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းလည်း အသိပေးခဲ့သည်။
တရုတ်နိုင်ငံသားများ ဂျပန်နိုင်ငံသို့ သွားရောက်မလည်ပတ်ကြရန်လည်း တရုတ်အစိုးရက တိုက်တွန်းထားသည်။
ယင်းကြောင့် ဂျပန်ရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ကုမ္ပဏီများအကြား လုပ်ငန်းကျဆင်းမည့်အရေးစိုးရိမ်မှု မြင့်တက်လာခဲ့သည်။
Source: Reutes






