လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် ဒေသခံနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
ပစ်သတ်ခံရသူနှစ်ဦးမှာ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး တစ်ဦးမှာ စိတ်ကျန်းမာရေးချို့ယွင်းသည့် ဦးဝင်းနိုင်ဆိုသူဖြစ်ပြီး နောက်တစ်ဦးမှာ ညင်းမော်ရွာတွင် ရွှေ့ပြောင်းအခြေချနေထိုင်သည့် ဗမာလူမျိုးတစ်ဦးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ညင်းမော်ရွာထဲမှ စစ်အာဏာရှင်တပ် ယာယီဆုတ်ခွာသွားချိန် ဒေသခံများရွာထဲ ခေတ္တဝင်ရောက်သည့်အချိန် သတ်ဖြတ်ပြီး မြေမြှုပ်ထားသည့်အဆိုပါအမျိုးသားနှစ်ဦး၏ ရုပ်အလောင်းတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ရွာထဲဝင်ကြည့်တော့ အပုပ်နံ့တွေရလို့ လိုက်ရှာကြည့်တာ မြေမြှုပ်ပြီး အလောင်းစွန့်ပစ်ထားတာကို တွေ့ရတာ” ဟု အလောင်းတူးဖော်သည်ကိုကိုယ်တိုင်မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။
ဗမာအမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၁၃ ရက်တွင် တွေ့ရှိပြီး နောက်တစ်ဦး၏ အလောင်းကိုမူ နိုဝင်ဘာလ ၁၆ ရက်တွင် တွေ့ရှိကြောင်း ၎င်းက ဆိုသည်။
စစ်အာဏာရှင်တပ်သည် နိုဝင်ဘာလ ၁၀ ရက်မှစပြီး ညင်းမော်ကျေးရွာသို့ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် ညင်းမော်ကျေးရွာတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။
ယင်းကာလအတွင်း စစ်အာဏာရှင်တပ်က ဆိုင်ကယ်သုံးစီး၊ အရပ်သားနေအိမ်နှစ်ဆောင်ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရိုက်ဖျက်ခံရသဖြင့် ပျက်စီးနေသည့် နေအိမ်လည်း များစွာရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအပြင် စစ်အာဏာရှင်တပ်ဖမ်းဆီးခြင်းခံရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးလည်း သတ်ဖြတ်ခံရပြီး အလောင်းကို ညင်းမော်ရွာထဲတွင် မြေမြှုပ်စွန့်ပစ်ထားသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောဆိုသည်။
ဒေသခံနှစ်ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး စုစုပေါင်း ရုပ်အလောင်း လေးလောင်းကို တူးဖော်ပြီး မီးသင်္ဂြိုဟ်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ယနေ့ နိုဝင်ဘာလ ၁၇ ရက်အထိ ညင်းမော်ကျေးရွာအနီးဝန်းကျင်တွင် စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် ညင်းမော်၊ စစ်ပြဲကျေးရွာမှ ဒေသခံများ တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
ရော်ဘာအစေးခြစ်ချိန်၊ စပါးရိတ်သိမ်းချိန်ရောက်နေသော်လည်း ဒေသခံများမှာ စစ်ဘေးရှောင်နေရသဖြင့် လုပ်ငန်းခွင်မဝင်နိုင်သေးဘဲ အခက်အခဲ ကြုံတွေ့နေကြရသည်။
ယင်းအပြင် လျှပ်စစ်မီးရက်ရှည်ပြတ်တောက်နေခြင်းကြောင့် ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးကိစ္စများ များစွာ အခက်ကြုံတွေ့နေကြရသည်။







