BREAKING
October 18, 2025

လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်တိုက်ခိုက်

October 17, 2025

လောင်းလုံးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်က ယနေ့ အောက်တိုဘာလ ၁၇ ရက် နံနက် ၆ နာရီခန့်တွင် တိုက်ခိုက်ကြောင်း မြို့ခံအချို့ထံမှသိရသည်။

လောင်းလုံးမြို့မ ဘောလုံးကွင်းနှင့် ကပ်လျက်တွင်ရှိသည့် အောင်သပြေဘုန်းကြီးကျောင်းတွင် တပ်စွဲ‌ထားသော စစ်အာဏာရှင်တပ်ကို တိုက်ခိုက်ရာမှ နှစ်ဖက် ပစ်ခတ်မှု မိနစ် ၃၀ခန့်ကြာ ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။

“တိုက်ပွဲက သိပ်မကြာဘူး။ အခုတော့ငြိမ်နေပါပြီ” ဟု ယနေ့ နံနက် ၉နာရီတွင် မြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ညောင်ပင်လမ်းဆုံအနီးရှိ နေအိမ်အချို့နှင့် စစ်တပ် တပ်စွဲထားသော အောင်‌သပြေဘုန်းကြီးကျောင်းဆောင်အချို့ ထိမှန်ပျက်စီးကြောင်း မြို့ခံအချို့က ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့လယ်ပိုင်းအထိ စစ်အာဏာရှင်တပ်သားများနှင့် အရပ်ဝတ်ပျူစောထီးများ လောင်းလုံးမြို့ထဲ ခြေရှူပ်နေကြပြီး စစ်ဆေးမှုလည်းရှိနေကြောင်း မြို့ခံတစ်ဦးက ‌နံနက် ၁၁ နာရီကျော်တွင် ဆိုသည်။

စစ်အာဏာရှင်တပ်သည် ယခုပွင့်လင်းရာသီမှစပြီး အောင်သပြေဘုန်းကြီးကျောင်းတွင် လာရောက်တပ်စွဲနေထိုင်ခဲ့ပြီးနောက် လောင်းလုံး- ထားဝယ်သွား ခရီးသည်များထံတွင် အဓမ္မငွေကြေးတောင်းခံမှုများ ပြုလုပ်လျက်ရှိကြောင်း ကားသမားအချို့ထံမှ သိရသည်။

“(စစ်အာဏာရှင်တပ်က) ညောင်ပင်လမ်းဆုံကို ထွက်ထွက်ပြီး စစ်ဆေးတယ်။ ပြီးရင် ဖုန်းရရ၊ ပိုက်ဆံရရ ရတာ အကုန်ယူကြတာပဲ” ဟု ကားသမားတစ်ဦးက ပြောသည်။

ယနေ့ ပစ်ခတ်တိုက်ခိုက်မှုအား မည်သည့်တော်လှန်ရေးတပ်က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်တပ်၏ ဒရုန်းများ ပျံဝဲနေသောကြောင့် လေကြောင်း တိုက်ခိုက်မှုများကို သတိထားကြရန်လည်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်တွင်လည်း လောင်းလုံးထဲမှ ထွက်လာသော စစ်အာဏာရှင်တပ်ကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့နှင့် ထားဝယ်ခရိုင်တပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြသေးသည်။

ယင်းတိုက်ပွဲတွင် စစ်အာဏာရင်တပ်က ဖမ်းဆီးထားသည့် ဒေသခံ ၆ ဦးထွက်ပြေးလွတ်မြောက်ခဲ့သည့်အပြင် စစ်အာဏာရှင်တပ်ဖက်ကလည်း ၈ ဦး သေဆုံးကာ အခြားထိခိုက်ဒဏ်ရာရသူများလည်းရှိသေးကြောင်း တပ်ပေါင်းစုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထွက်ပြေးလွတ်မြောင်လာသူများနှင့်အတူပါလာသည့် စစ်အာဏာရှင်တပ်၏ ခဲယမ်းအချို့ကို တော်လှန်ရေးတပ်ဘက်က သိမ်းဆည်းရမိကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်များနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။