BREAKING
October 18, 2025

တောင်ကိုရီးယားက ကမ္ဘောဒီးယားဒေသအချို့ကို အမည်းရောင်အဆင့် ခရီးသွားလာမှုတားမြစ်မိန့် ထုတ်ပြန်

October 17, 2025

တောင်ကိုရီးယားအစိုးရက ၎င်းတို့ နိုင်ငံသားများအတွက် ကမ္ဘောဒီးယားရှိ ဒေသအချို့ကို မသွားရောက်ရန် အမည်းရောင်အဆင့် ခရီးသွားလာမှုတားမြစ်မိန့်ကို အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။

လုပ်ခလစာ အများအပြားရရှိမည်ဟုဆိုကာ လိမ်လည်လှည့်ဖျား၍ ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာတစ်ခုတွင် အလုပ်ခိုင်းစေခံရသော တောင်ကိုရီးယားကျောင်းသားမှာ ညှင်းပန်းနှိပ်စက်ခံရကာ သေဆုံးခဲ့ရသည့် ဖြစ်စဉ် မကြာသေးမီက ပေါ်ထွက်လာခဲ့ပြီးနောက်တွင် တောင်ကိုရီးယားအစိုးရ၏ အဆိုပါ ခရီးသွားလာမှုတားမြစ်မိန့် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ကျောင်းသားသေဆုံးမှုနှင့် ဆက်စပ်ပြီး တောင်ကိုရီးယားနိုင်ငံသားများကိုကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာများက ဖမ်းဆီးထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် ကမ္ဘောဒီးယားအစိုးရအား တောင်ကိုရီးယားအစိုးရက ပြီးခဲ့သည့် အပတ်တွင် တိုက်တွန်းခဲ့သည်။

လိမ်လည်လှည့်ဖျားခေါ်ဆောင်ခံရပြီး ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် အလုပ်လုပ်ကိုင်နေရသည့် တောင်ကိုရီးယားနိုင်ငံသားများ ပြန်လွတ်မြောက်လာရေး ဆောင်ရွက်ရန် ထိပ်တန်းအရာရှိအဖွဲ့တစ်ဖွဲ့ကိုလည်း တောင်ကိုရီးယားအစိုးရက ကမ္ဘောဒီးယားသို့ စေလွှတ်လိုက်သည်။

အဆိုပါ အဖွဲ့ကို တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kim Jina က ဦးဆောင်သည်။

တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီလည်း ပါဝင်ကြောင်း တောင်ကိုရီးယားသမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

ကမ္ဘောဒီးယားရှိ အဆိုပါ အွန်လိုင်းငွေလိမ်စင်တာများတွင် တောင်ကိုရီးယားနိုင်ငံသားများ ပါဝင်ပတ်သက်နေရမှုနှင့် ပတ်သက်၍ အဖြေရှာရန် အဆိုပါ အဖွဲ့ကို စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေး Wi Sung-lac က ပြောသည်။

တောင်ကိုရီးယားအစိုးရက နိုင်ငံသားများအနေဖြင့် ကမ္ဘောဒီးယားရှိ ပွိုင်ပတ်နှင့် ကမ်ပွတ်ဒေသအပါအဝင် သတ်မှတ်ထားသည့် ဒေသအချို့ကို လုံးဝမသွားရောက်ရန် တားမြစ်မိန့် ထုတ်ပြန်လိုက်သည်။

စီဟာနုဗီးလ်အပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၏ ဒေသအချို့မှ ချက်ချင်းထွက်ခွာရန်လည်း တောင်ကိုရီးယားအစိုးရက နိုင်ငံသားများကို တိုက်တွန်းထားသည်။

အမည်းရောင်အဆင့် ခရီးသွားလာမှု တားမြစ်မိန့်သည် နိုင်ငံသားများကို သတ်မှတ်ဒေသမှ ချက်ချင်းထွက်ခွာရန် အမိန့်ပေးသည့် အပြင်းထန်ဆုံး ခရီးသွားလာမှု တားမြစ်မိန့် ဖြစ်သည်။

ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်စင်တာများတွင် ပါဝင်ပတ်သက်နေသော

လူမျိုးပေါင်းစုံမှ လူဦးရေ ၂၀၀,၀၀၀ ခန့် ရှိပြီး ယင်းတို့တွင် တောင်ကိုရီးယားနိုင်ငံသား ၁,၀၀၀ ကျော် ပါဝင်ပတ်သက်နေသည်ဟု ယူဆကြောင်း တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေး Wi Sung-lac က သတင်းထောက်များကို ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားအစိုးရသည် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ ဒုစရိုက်လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ယခုနှစ် ဇွန်လက စွပ်စွဲခဲ့သည်။

ကမ္ဘောဒီးယားအစိုးရသည် ဒေါ်လာဘီလီယံနှင့်ချီသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းကြီးတစ်ခု ဖွံ့ဖြိုးလာစေရန် အခွင့်အလမ်းပေးခဲ့ပြီး ယင်းမှာ နိုင်ငံတော်၏ စနစ်တကျပျက်ကွက်မှုဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စွပ်စွဲခဲ့သည်။

အဆိုပါ စွပ်စွဲချက်များမှာ ချဲ့ကားပြောဆိုမှုဖြစ်သည်ဟု ကမ္ဘောဒီးယားအစိုးရက ပယ်ချခဲ့ပြီး အရေးယူဆောင်ရွက်မှုမရှိ ဆိုသည့် စွပ်စွဲချက်များကိုလည်း ငြင်းဆန်ခဲ့သည်။

Source: Reuters