BREAKING
October 18, 2025

ကော့သောင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ပျူစောထီးနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

October 17, 2025

ကော့သောင်းမြို့နယ်၊ လုံးဖောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးနှစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်လာစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် လုံးဖောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် အဆိုပါ ကျေးရွာအုပ်စုရှိ ပျူစောထီးခေါင်းဆောင် ဦးအေးစိုး (ခေါ်) ခေါင်းဖြူနှင့် ပျူစောထီး ဦးသက်ဦးတို့ကို လုံးဖောကျေးရွာတွင် ဖမ်းဆီးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပကဖ တာဝန်ခံက ပြောသည်။

၎င်းတို့ သုံးဦးကို ဖမ်းဆီးပြီးခေါ်ဆောင်လာရာ လမ်းပိုင်းတစ်နေရာတွင် ပြန်လည်ခုခံကြသဖြင့် ရှင်းလင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ သူတို့ကို သတိပေးတယ်။ သူတို့ကိုင်ဆောင်ထားတဲ့ လက်နက်တွေ တောင်းတယ်။ သူတို့က နားမထောင်ဘူး။ ဖမ်းခေါ်သွားတဲ့ လမ်းမှာလည်း ရဲဘော်တွေကိုပြန်ခုခံလို့ အဲဒီနေရာမှာပဲရှင်းလိုက်တယ်” ဟု ကော့သောင်းမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။

လမ်းပိုင်းတွင် ပြန်လည်ခုခံသည်ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လုံးဖောကျေးရွာအုပ်စုတွင် လုံးဖောရွာအပါအဝင် ကျေးရွာ ၅ ရွာရှိပြီး အဆိုပါကျေးရွာများရှိ ဒေသခံအချို့က ပျူစောထီးများ နှင့် စစ်အာဏာရှင်တပ်ကို ဆက်ကြေးပေးကာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု အများဆုံးလုပ်ကိုင်နေကြကြောင်း အထက်ပါ မြို့နယ်တာဝန်ခံက ဆိုသည်။

အထက်ပါ အမျိုးသားသုံးဦး ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ ၎င်းတို့၏ မိသားစုဝင်များထံ ဆက်သွယ်ရန် ကြိုးပမ်း နေသော်လည်း အဆက်အသွယ် မရသေးပေ။

လုံးဖောကျေးရွာအုပ်စုရှိ နမ္မတွန်ကျေးရွာတွင် စစ်အာဏာရှင်တပ်၏ စစ်စခန်းတည်ရှိသည်။