ယူကရိန်းစစ် အဆုံးသတ်ရေး ဆွေးနွေးရန် လာမည့်ရက်သတ္တပတ်နှစ်ပတ်ခန့် အတောအတွင်း ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဟန်ဂေရီတွင် တွေ့ဆုံသွားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၁၆ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ကြာသပတေးနေ့တွင် ပူတင်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ထရမ့်က ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပူတင်နှင့် ဖုန်းပြောဆိုမှုမှာ အကျိုးဖြစ်ထွန်းမှုရှိကြောင်းလည်း ထရမ့်က ပြောသည်။
သမ္မတထရမ့်သည် ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ယူကရိန်းသမ္မတဇလန်းစကီးနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံသွားရန် ရှိသည်။
လက်ရှိအချိန်တွင် ယူကရိန်းနှင့် ရုရှားအကြား အပြန်အလှန် အကြီးအကျယ် တိုက်ခိုက်နေကြပြီး နေတိုးအဖွဲ့မှာလည်း ရုရှား၏ လေကြောင်းကျူးကျော်မှုတွေကို တုံ့ပြန်ရန် ရုန်းကန်နေရသည်။
အဆိုပါ နောက်ခံအခြေအနေများအကြားတွင် ယူကရိန်းသမ္မတအနေဖြင့် အမေရိကန်ထံမှ စစ်ရေးအထောက်အပံ့ပိုမိုရရှိရေး တွန်းအားပေးတောင်းဆိုရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိမ်ဖြူတော်တွင် ယနေ့ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။
ယူကရိန်းသမ္မတဇလန်းစကီးသည် ရုရှားနယ်နိမိတ်အတွင်းပိုင်းအထိ ပစ်ခတ်တိုက်ခိုက်နိုင်သည့် အမေရိကန်၏ တိုမာဟော့ခ်(Tomahawk) တာဝေးပစ်မစ်ဆိုင်းဒုံးများကို ရရှိရန် ကြိုးစားလျက် ရှိသည်။
တိုမာဟော့ခ်တာဝေးပစ်မစ်ဆိုင်းဒုံးများကိုသာ ရရှိလာလျှင် မော်စကိုနှင့် အခြားရုရှားမြို့ကြီးများကိုပါ ယူကရိန်းဘက်မှ ပစ်ခတ်တိုက်ခိုက်လာနိုင်မည် ဖြစ်သည်။
သမ္မတထရမ့်သည် တိုမာဟော့ခ်တာဝေးပစ်မစ်ဆိုင်းဒုံးများကို ယူကရိန်းသို့ ရောင်းချသွားမည်ဟု ရက်အတန်ကြာ အရိပ်အမြွက်ပြ ပြောဆိုနေခဲ့သည်။
သို့သော် ယင်းသို့ ရောင်းချသွားရန် ထရမ့်မှာ ရုတ်တရက် စိုးရိမ်မကင်းဖြစ်လာသကဲ့သို့ စိတ်ပြောင်းသွားခဲ့ကြောင်း The New York Times သတင်းစာက ဖော်ပြသည်။
ယူကရိန်းစစ်ပွဲကို သံတမန်ရေးနည်းလမ်းဖြင့် အဆုံးသတ်ရန် ပူတင်ဘက်မှ သဘောထားပြသလာပါက အဆိုပါ လက်နက်များ ယူကရိန်းသို့ ရောင်းချသွားတော့မည်မဟုတ်ကြောင်း ထရမ့်က အချက်ပြလိုက်ခြင်းဖြစ်သည်ဟုလည်း ယင်းသတင်းတွင် ဖော်ပြသည်။
ပူတင်နှင့် ဖုန်းခေါ်ဆိုဆွေးနွေးခဲ့သည့် အကြောင်းအရာကို ရှင်းပြရင်း သမ္မတထရမ့်က “ဒီအကြောင်းနဲ့ ပတ်သက်လို့ နည်းနည်းပါးပါး ပြောဖြစ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွက်လည်း တိုမာဟော့ခ်ဒုံးတွေ လိုအပ်နေပါတယ်” ဟု ပြောဆိုခဲ့သည်။
ယူကရိန်းသို့ တိုမာဟော့ခ်ဒုံးများ ထောက်ပံ့မည်ကို ပူတင်က မလိုလားကြောင်း ထရမ့်က ပြောသည်။
ယူကရိန်းစစ်အဆုံးသတ်ရေး အဓိပ္ပါယ်ရှိရှိ လုပ်ဆောင်ရန် ပူတင်ဘက်မှ မလိုလားသည်ကို စိတ်ပျက်ဒေါသထွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်တွင် သမ္မတထရမ့်သည် ပူတင်နှင့် ဆွေးနွေးရန် ဇလန်းစကီးနှင့် မတွေ့ဆုံမီ တစ်ရက်အလိုတွင် ဆုံးဖြတ်ခဲ့ခြင်းမှာ စစ်ပွဲကို ကိုင်တွယ်နေကျ ၎င်း၏ ထုံးစံကို ပြသလိုက်ခြင်း ဖြစ်ကြောင်း The New York Times သတင်းစာက ဖော်ပြသည်။
Source: The New York Times ၊ Reuters