ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမေရိကန်နှင့် ဆက်ဆံရေးကြောင့် ဂျပန်က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်မပြုဟုဆို

September 17, 2025

ပုံစာ - တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံး။ ဓာတ်ပုံ - Asahi Shimbum

ဂျပန်အစိုးရအနေဖြင့် လက်ရှိတွင် ပါလက်စတိုင်းကို နိုင်ငံတစ်ခုအနေဖြင့် အသိအမှတ်ပြုမည် မဟုတ်ကြောင်း ဂျပန်သတင်းစာ Asahi Shimbum က ယနေ့ စက်တင်ဘာလ ၁၇ ရက်တွင် ဖော်ပြသည်။

အမေရိကန်နှင့် ဂျပန်အကြား ဆက်ဆံရေးကြောင့် ယင်းသို့ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် ဂျပန်အစိုးရအရာရှိများ၏ ပြောဆိုချက်ကို ကိုးကား၍ အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အစ္စရေးဘက်က ပိုမိုသဘောထား မတင်းမာလာစေရန် ရည်ရွယ်၍ ဂျပန်အစိုးရက ယင်းသို့ ဆုံးဖြတ်ခြင်းဖြစ်နိုင်သည်ဟုလည်း ဆိုသည်။

ယခုလ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုသွားမည်ဟု ဗြတိန် ၊ ပြင်သစ် ၊ ကနေဒါနှင့် ဩစတြေးလျအပါအဝင် နိုင်ငံတကာအစိုးရအချို့က ထုတ်ဖော်ပြောဆိုထားသည်။

ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်မပြုရန် အမေရိကန်က သံတမန်နည်းလမ်းပေါင်းစုံဖြင့် ဂျပန်အစိုးရကို တိုက်တွန်းထားကြောင်း Kyodo News သတင်းဌာနက ပြီးခဲ့သည့်အပတ်တွင် ဖော်ပြခဲ့သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot ကမူ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးအား တိုက်တွန်းခဲ့ကြောင်းလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ပါလက်စတိုင်းနိုင်ငံ အသိအမှတ်ပြုရေးနှင့်ပတ်သက်၍ ဂျပန်အစိုးရက သင့်တော်သည့်အချိန်နှင့် နည်းလမ်းကို ပြည့်ပြည့်စုံစုံ စိတ်ဖြာသုံးသပ်နေကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Takeshi Twaya က အင်္ဂါနေ့တွင် ပြောဆိုခဲ့သည်။

ဂျပန်အစိုးရ၏ အဓိကပြောခွင့်ရပုဂ္ဂိုလ် Yoshimasa Hayashi ကလည်း နိုင်ငံခြားရေးဝန်ကြီးနှင့် အလားတူ မှတ်ချက်စကားကိုပင် ပြောကြားခဲ့သည်။

Source: Reuters