BREAKING
November 18, 2025

လောင်းလုံးတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ အမျိုးသမီးကြီးတစ်ဦးသေဆုံး

September 17, 2025

လောင်းလုံးမြို့နယ်၊ ရာဟောင်းဝကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၁၇ရက် နံနက်အစောပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ပစ်ခတ်မှုဖြစ်ပြီး အဆိုပါပစ်ခတ်မှုအတွင်း အမျိုးသမီးကြီးတစ်ဦး လက်နက်ကြီး ကျည်စထိမှန် သေဆုံးကြောင်း ဒေသခံများထံမှသိရသည်။

စက်တင်ဘာလ ၁၆ရက် ညက ထားဝယ်မြို့ဘက်မှ မြေတင်ကားနှစ်စီးဖြင့် လာသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်များက ရာဟောင်းဝကျေးရွာအနီးတွင် တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီမနက် ၃နာရီခွဲ လောက်မှာ စဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်ချိန် ၄၅ မိနစ် လောက်ကြာတယ်။ သူတို့ (စစ်အာဏာရှင်တပ်) ဘက်က ထိခိုက်မှုများတယ်။ တော်လှန်ရေးတပ်ဘက်က ထိခိုက်မှုမရှိဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်အာဏာရှင်တပ်ဘက်က ထိခိုက်မှုအခြေအနေကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

နှစ်ဘက်ပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည်စထိမှန်ပြီး ရာဟောင်းဝကျေးရွာတွင် အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဒေါ်ညို သေဆုံးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ဒေါ်ညိုက အိမ်ပေါ်မှာပဲ အိပ်နေတုန်း လက်နက်ကြီးထိတာ” ဟု ၎င်းက ပြောသည်။

နှစ်ဘက်တိုက်ပွဲဖြစ်ပြီးနောက် ယနေ့ နံနက် ၁၁ နာရီခန့်တွင် စစ်အာဏာရှင်တပ်သည် ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်းမြို့နယ်များရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည်။

ယင်းသို့ တိုက်ခိုက်သဖြင့် လောင်းလုံးမြို့နယ်၊ ဝေဒီရွာကျေးရွာတွင် အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်တင်ရှိန်၊ အသက် ၃၄ နှစ်အရွယ် ကိုဝေယံဖြိုးတို့နှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦးပါ ဒဏ်ရာရသည်။

ယင်းအပြင် ထားဝယ်နှင် သရက်‌ ချောင်းမြို့နယ်တိုမှာ သာသနိကအဆောက်အအုံနှင့် စာသင်ကျောင်းများလည်း ထိခိုက်မှုရှိကြောင်း ဒေသခံများက ပြောဆိုသည်။

ယခု ရက်ပိုင်းအတွင်း ထားဝယ်မြို့ရှိ ထားဝယ်မြို့တော်ခန်းမအသစ် ဖွင့်လှစ်ရန် စစ်ကော်မရှင်ဥက္ကဋ္ဌ ခရီးစဉ်ရှိသည်ဆိုသည့် သတင်းများထွက်ပေါ်နေပြီး မြို့တော်ခန်းမအသစ်တွင် ကြိုတင်ပြင်ဆင်မှုများရှိနေသလို မြို့ပေါ် တွင်လည်း အစစ်ဆေးတင်းကျပ်ထားကြောင်း မြို့ခံများထံမှ သိရသည်။

ယင်းအပြင် လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ် တစ်ကြောလုံးကိုလည်း စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေကြောင်း ဒေသခံများကပြောဆိုသည်။