BREAKING
October 19, 2025

အပူပိုင်းမုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီ၊ မွန်၊ ကရင် မိုးပိုမည်

September 17, 2025

အပူပိုင်း မုန်တိုင်းငယ်အရှိန်ကြောင့် တနင်္သာရီ၊ မွန်နှင့် ကရင်ဒေသတို့တွင် စက်တင်ဘာလ ၁၉ ရက်အထိ မိုးပိုလာ နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။

အပူပိုင်းမုန်တိုင်းငယ်သည် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းဒေသများကို ဖြတ်ကျော်ကာ အနောက်မြောက်ဘက်သို့ရွေ့လျားနေပြီး ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကြောင်း ယနေ့ စက်တင်ဘာလ ၁၇ ရက် နေ့လယ် ၁၂ နာရီအထိ တိုင်းတာချက်အရ ထုတ်ပြန်ထားသည်။

ထို့ကြောင့် တနင်္သာရီ၊ မွန်နှင့် ကရင်ဒေသတို့တွင် မိုးပိုလာနိုင်ပြီး ကျန်ဒေသများတွင် နေရာကွက်ကျား၊ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းဖော်ပြသည်။

ယင်းအပြင် စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီနှင့် ချင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး မိုးရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း မိုးဇလက သတိပေးထားသည် ။

ယခုသီတင်းပတ်အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်ဘက်မှ လေပွေလှိုင်းများ၏ သက်ရောက်မှု ကြောင့် မြန်မာနိုင်ငံတွင်မိုးနှောင်းကာလ မိုးဆက်ရွာမည်ဖြစ်ကြောင်း မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင် က ခန့်မှန်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း စက်တင်ဘာလ ၁၉ ရက်မှ ၂၁ ရက်အထိ တနင်္သာရီအပါအဝင် နိုင်ငံအနှံ့ နေရာကွက်၍ မိုးကြီးခြင်းများကြောင့် မြေပြိုခြင်း၊ တောင်ပြိုခြင်းနှင့် ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။