ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီရှိ စစ်အာဏာရှင်တပ် ရေကြောင်းစစ်ဆေးရေးဂိတ်များတွင် ကုန်စည်စစ်ဆေးမှု ပိုမိုတင်းကျပ်

September 17, 2025

ပုံစာ - တနင်္သာရီမြို့အတွင်းသွားလာနေသည့် စက်လှေတစ်စီးကို တွေ့ရစဉ်(ပုံဟောင်း)

တနင်္သာရီမြို့အနီးရှိ စစ်အာဏာရှင်တပ် ရေကြောင်းစစ်ဆေးရေးဂိတ်များတွင် ကုန်စည်တင်ဆောင်မှုများကို ပိုမိုတင်းတင်းကျပ်ကျပ် စစ်ဆေးလာကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့အနီးရှိ တနင်္သာရီတံတား ရေကြောင်းစစ်ဆေးရေးဂိတ်၊ ဗောဓိကမ်းတံတားရေကြောင်း စစ်ဆေးရေးဂိတ်၊ ဘန်းသဲကူးတို့ဆိပ် စစ်ဆေးရေးဂိတ်နှင့် မမသောင်ရွာ ရေကြောင်းစစ်ဆေးရေးဂိတ် များတွင် စစ်ဆေးမှု တင်းကျပ်လာခြင်းဖြစ်သည်။

အဆိုပါ ရေကြောင်းစစ်ဆေးရေးဂိတ်များအနက် မမသောင်ရေကြောင်းစစ်ဆေးရေးဂိတ်က စက်တင်ဘာလဆန်းတွင်မှ စတင်ချထားခြင်းဖြစ်ပြီး စစ်ဆေးမှုပိုမိုတင်းကျပ်ကြောင်း ဒေသခံများကဆိုသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် အသုံးပြုမည့် ကုန်ပစ္စည်းများကို တနင်္သာရီမြို့တွင် သွားရောက်ဝယ်ယူပြီး မြစ်၊ချောင်းများအတိုင်း ကျေးရွာများကို သယ်ဆောင်ကြခြင်းဖြစ်သည်။

ယခင်က စစ်အာဏာရှင်တပ်တွင် စျေးဝယ်ယူခွင့်လက်မှတ်လုပ်ပြီး အဆိုပါလက်မှတ်ဖြင့် ကန့်သတ်ထားသည့် ပစ္စည်းအချို့ သယ်ဆောင်ခွင့်ရသော်လည်း လက်ရှိအချိန်တွင် ပိုမိုတင်းကျပ်လာကြောင်း သမီးလှရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

ယခင်ကဈေးဝယ်ခွင့်လက်မှတ်နှင့် ပစ္စည်းဝယ်ထားသည့် ဘောက်ချာပြပြီးဖြတ်၍ ရသော်လည်း လက်ရှိအချိန်တွင် ပါလာသည့်ပစ္စည်းအရေအတွက်နှင့် ဘောင်ချာပါသည့် အရေအတွက်ကိုက်ညီမှုရှိ မရှိ ဖွင့်ဖောက်စစ်ဆေးပြီးမှ ဖြတ်သန်းခွင့်‌ပေးနေကြောင်း ၎င်းက ပြောသည်။

“ရေဂိတ်(ရေကြောင်းစစ်ဆေးရေးဂိတ်)မှာ အကုန်လုံးဖြဲ(ဖွင့်)ရှာတယ်။အိတ်တွေ အထုပ်တွေရောပဲ။ အဝတ် အိတ်တောင်မချန်ဘူး။ အကုန်စစ်တယ်”ဟု အထက်ပါ‌ဒေသခံက ဆိုသည်။

ထို့အပြင် ဈေးဝယ်ခွင့်လက်မှတ်ရှိပါက ဓာတ်ဆီ ၁ ပီပါနှင့်အထက်သယ်ယူခွင့်ရနေသော်လည်း လက်ရှိတွင် ဓာတ်ဆီ တစ်ဂါလန်သာ သယ်ခွင့်ရသလို ဓာတ်မြေဩဇာလည်း တစ်အိတ်သယ်ခွင့်ရနေရာက လက်ရှိတွင် ပိဿာလိုက်သာ သယ်ခွင့်ရတော့ကြောင်း ဒေသခံအချို့ ပြောသည်။

ညောင်ပင်ကွင်းကျေးရွာအုပ်စုရှိ ကျေးရွာများကို ရေလမ်းကသွားပါက ဗောဓိကမ်းတံတား ရေကြောင်းစစ်ဆေးရေး ဂိတ်ကိုဖြတ်ရပြီး ဘန်လောကျေးရွာအုပ်စုရှိ ကျေးရွာများကိုသွားပါက မမသောင်ရွာ ရေကြောင်း စစ်ဆေးရေးဂိတ်ကိုဖြတ်ရကြောင်း သိရသည်။

ထိုသို့ တင်းကျပ်ပြီးနောက် တနင်္သာရီမြို့ပေါ်ရှိကုန်စုံဆိုင်များတွင်လည်း ကျေးရွာနေဒေသခံများ သွားဝယ်ပါက အိမ်ထောင်စုတစ်စုလျှင် ဓာတ်ဆီ တစ်ဂါလံ၊ဓာတ်မြေသြဇာတစ်ကြိမ်ဝယ်ပါက ပိဿာချိန်ဖြင့်သယ်ရပြီး ဆန်ဝယ်ပါက တစ်အိတ်သာသယ်ခွင့်ရကြောင်း ထုံမခါရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ရေကြောင်းစစ်ဆေးရေးဂိတ်ရှိ စစ်အာဏာရှင်တပ်သားများက ၎င်းတို့မသင်္ကာပါက လှေပေါ်ရှိပစ္စည်းများကို ကုန်းပေါ်ပြန်တင်ခိုင်းကာ ပစ္စည်းစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးသလို ပစ္စည်းထုပ်များကိုလည်း ဖွင့်ဖောက် စစ်ဆေးလေ့ရှိကြောင်း လှေပိုင်ရှင်တစ်ဦးက ဆိုသည်။

“လှေထဲကနေ ကမ်းပေါ်ပြန်တင်ရပြီး သူတို့စစ်ချိန် ဘောင်ချာမပါတဲ့ဟာ(ပစ္စည်း) ဆိုရစ်တယ်။ အထုပ်ကြီးတွေ တင်လာလည်း မရဘူး။ အထုပ်သေးတွေ လုပ်ပြီး တင်လာရတယ်”ဟု အထက်ပါလှေပိုင်ရှင်က ပြောသည်။

အဆိုပါကျေးရွာအုပ်စုများကို ကုန်းလမ်းမှ ကုန်ပစ္စည်းတင်ဆောင်ပါက စစ်အာဏာရှင်တပ်ဂိတ်များတွင် စားနပ်ရိက္ခာ၊ဆေးဝါးနှင့် စက်သုံးဆီတင်ဆောင်ခွင့်ကို တင်းတင်းကျပ်ကျပ်စစ်ဆေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းခြင်းတို့ကြောင့် ရေလမ်းမှတစ်ဆင့် သယ်ဆောင်ကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။